ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၈ 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ရွှေလီ (၁)လမ်းတွင် အောင်ကျော်ထွန်း(ခ)အောင်ဟိန်း မောင်းနှင်ပြီး တင်ကိုလတ် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက် တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတရားခံ အောင်ကျော်ထွန်း(ခ)အောင်ဟိန်း နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိနေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၆ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်