ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမားနှစ်ဦးက အကြမ်းဖက်မှု  လုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး

နေပြည်တော် ဩဂုတ် ၂

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမားနှစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်  နေအိမ်အတွင်း  လက်လုပ်မိုင်းတပ်ဆင်နေစဉ်  ပေါက်ကွဲမှုဖြစ်ပွားခဲ့၍  သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ် (၂၉) ရပ်ကွက် ကောက်သွယ် (၁) လမ်း အမှတ်(၁၁/၁)နေ ဦးသိန်းဦး (၅၉) နှစ်၏ နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေအိမ်အတွင်းရှိ ထပ်ခိုးအခန်းအတွင်း ဦးသိန်းဦး၏ တူတော်စပ်သူများဖြစ်သည့် နေလင်း (၂၄) နှစ်နှင့် ပြည့်ဖြိုးဦး (ခ) အကြီးကောင် (၂၈) နှစ်တို့  နှစ်ဦးသည်  အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းတစ်လုံးအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေလင်းတွင် ဝဲလက်ကောက်ဝတ်နှင့် ယာလက်ချောင်းများ ပြတ်ကာ၊ မျက်နှာ၊ ရင်ဘတ်နှင့် ဝဲယာခြေထောက်တို့၌လည်းကောင်း၊ ပြည့်ဖြိုးဦး (ခ) အကြီးကောင်တွင်  ဝဲလက်၊ ယာခြေ သလုံး၊ ဝဲ/ယာပေါင်တို့၌  မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အခန်းအတွင်း အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာ  အဆိုပါအခန်းအတွင်းမှ မပေါက်ကွဲသေးသည့်  လက်ပစ်ဗုံး (စိစစ်ဆဲ)  တစ်လုံး  တွေ့ရှိသိမ်းဆည်း ရရှိသည်။

 

ထို့နောက်  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သိမ်းဆည်းရမိသည့် လက်ပစ်ဗုံးတစ်လုံးအား စနစ်တကျဖောက်ခွဲ ရှင်းလင်းကာ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး လိုအပ်သောလုပ်ငန်းများအား ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်