ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ထန်းတပင်မြို့နယ် ဥပဒေရုံး အဆောက်အအုံသစ် တက်ရောက်ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်)    ဇန်နဝါရီ   ၂၉

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ်ဥပဒေရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အဆိုပါရုံး အဆောက်အအုံသစ်တွင်ပြုလုပ်ရာ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး တာဝန်ရှိသူများ တက်ရောက်သည်။ 

ရှေးဦးစွာ ရုံးအဆောက်အအုံသစ်ကို ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးလှစိုးက ထန်းတပင်မြို့နယ် ဥပဒေရုံး အဆောက်အအုံသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးသည်။


အဆိုပါရုံး အဆောက်အအုံသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၁၈၀ ဖြင့် အလျား ၄၅ ပေ၊ အနံ ၄၅ ပေရှိ အဆောက်အအုံသစ်ကို  Prosper Co. Ltd မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)