ရန်ကုန်      ဇွန်     ၂၄

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ   ပဒေသာအားကစားခန်းမ၌ ယနေ့ညနေ ၄ နာရီက ကျင်းပသည်။

ဦးစွာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဗဟန်းမြို့နယ်အသင်းနှင့် သာကေတမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗဟန်းမြို့နယ်အသင်းက အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ အမျိုးသားအကောင်းဆုံးဆု၊ အမျိုးသမီး အကောင်းဆုံးဆုရရှိသော ကစားသမားများအား ရန်ကုန်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသမီးသုံးယောက်တွဲ   တတိယဆုရရှိသော တိုက်ကြီးမြို့နယ်အသင်း၊ အမျိုးသား သုံးယောက်တွဲ ဒုတိယဆုရရှိသော ကော့မှူးမြို့နယ်အသင်း၊ အမျိုးသားသုံးယောက်တွဲ တတိယဆု ရရှိသော  ရွှေပြည်သာမြို့နယ်အသင်း၊ အမျိုးသားသုံးယောက်တွဲ ဒုတိယဆုရရှိသော ဗိုလ်တထောင် မြို့နယ်အသင်း၊ အမျိုးသမီးလေးယောက်တွဲ တတိယဆုရရှိသော  ကော့မှူးမြို့နယ်အသင်း၊  အမျိုးသမီးလေးယောက်တွဲ ဒုတိယဆုရရှိသော ကွမ်းခြံကုန်းမြို့နယ်အသင်း၊ အမျိုးသားလေးယောက်တွဲ တတိယဆုရရှိသော ဗိုလ်တထောင်မြို့နယ်အသင်း၊ အမျိုးသားလေးယောက်တွဲ   ဒုတိယဆုရရှိသော သာကေတမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ အမျိုးသမီးသုံးယောက်တွဲ ပထမဆုရရှိသော  ဗိုလ်တထောင်မြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ ပထမဆုရရှိသော ဗဟန်းမြို့နယ်အသင်းအား လူမှုရေးရာ ဝန်ကြီး ဦးဗိုလ်ဌေးကလည်းကောင်း၊  အမျိုးသမီးလေးယောက်တွဲ ပထမဆုရရှိသော ဗိုလ်တထောင်မြို့နယ်အသင်းအား  စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က  လည်းကောင်း၊ အမျိုးသားလေးယောက်တွဲ ပထမဆုရရှိသော ဗဟန်းမြို့နယ်အသင်းအား လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ကိုထက်