ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို ဖေဖော်ဝါရီ  ၁ ရက် နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (အင်းယားကန်)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ဆုရရှိကြသည့်အသင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၂ သင်းဖြင့် ဇန်နဝါရီ ၃၁ ရက်မှ ယနေ့အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်