ရန်ကုန်တိုင်းဒေသကြီးအသင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲအနိုင်ရ

၁၆  စက်တင်ဘာ


တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယနေ့ညနေ ၃ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရရှိသွားခဲ့သည်။


ယခုပွဲစဉ်သည် ဗိုလ်လုပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး အကြိတ်အနယ်ရှိသည့် ပွဲစဉ်တစ်ပွဲအဖြစ် တွေ့မြင့်ခဲ့ရသည်။ နှစ်ဖက်ကစားသမားများသည် ဦးဆောင်ဂိုးရရှိရေးအတွက် အားကုန်ထုတ် ကြိုးစားလာသည်ကို တွေ့ရသော်လည်း အဆုံးသတ်ပိုင်း မသေချာမှုများကြောင့် နှစ်သင်းစလုံး ဦးဆောင်ဂိုးနှင့် ဝေးကွာနေခဲ့ကြရသည်။


ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ ကစားအား  ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု များများပြုလုပ်လာသည်ကို  တွေ့ရသည်။ သို့သော်လည်း ဂိုးသွင်းယူမှု အားနည်းချက်များနှင့် နောက်တန်းကစားသမားများက အမှားအယွင်းမရှိ ဖျက်ထုတ်ကာကွယ် ထားနိုင်မှုကြောင့် နှစ်သင်းစလုံး လိုအပ်နေသော ဦးဆောင်ဂိုးများ သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲချိန် မိနစ် ၉၀ ပြည့်သွားခဲ့သည်။


အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သောကြောင့် ပယ်နယ်တီအဆုံးအဖြတ် သွင်းယူခဲ့ကြရာ ငါးဂိုး-သုံးဂိုးဖြင့် ရန်ကုန်တိုင်းဒေသကြီး အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။


Myanmar Digital News