ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

 

 

နေပြည်တော် ဇွန် ၂၆

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်  ဧပြီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း (ခ) Demon ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၀) ရပ်ကွက် ပုလဲလမ်းသွယ် (၁) တိုက်အမှတ် (၃၄) တွင် ရဲမင်းဟိန်း (ခ) ရဲဖြိုးအောင် (ခ) ရဲကြီး၊  ကျော်စွာထက် (ခ) ပေါ်လာ  တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။     

 

ဖမ်းဆီးရမိတရားခံ ရဲနောင်ထွန်း (ခ) Demon ၏ ထွက်ဆိုချက် အရ ဇွန် ၂၅ ရက်တွင် ထန်းတပင် မြို့နယ် တူးချောင်းကျေးရွာအုပ်စု ရေတလိကျေးရွာ၌ BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရန်နိုင်ထူး (ခ) နဂါးလေးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံ ရန်နိုင်ထူး (ခ) နဂါးလေး၏ ထွက်ဆိုချက်အရ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် ရတနာအဆောင် (၂) တွင် ဇင်ကိုဦး၊ ချစ်မိုး (ခ) ကျော်သက်ဝေ၊ စန်းလွင်တို့သုံးဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် ဇွန် ပထမပတ်တွင် ရဲနောင်ထွန်း (ခ) Demon၊ ရဲမင်းဟိန်း  (ခ) ရဲဖြိုးအောင် (ခ) ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ခုနစ်ရက် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်  တတိယပတ်တွင် BFRAF အမည်ခံအကြမ်းဖက်အဖွဲ့အား ရဲနောင်ထွန်း(ခ) Demon ၊ ရဲမင်းဟိန်း(ခ)  ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ ခေါင်းဆောင်၍ အင်အား ၁၅ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊  အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောငွေကြေးနှင့် ဖောက်ခွဲရေး ပစ္စည်းများအား CRPH ၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

BFRAF အမည်ခံအကြမ်းဖက် အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ကိုးကြိမ်  ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

  • ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး သာကေတမြို့နယ်ရှိ အမှတ်(၁) မြို့မရဲစခန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
  • စက်တင်ဘာ  ၂၀ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း (က) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ဖြင့်  ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • စက်တင်ဘာ  ၃၀ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၅) ရပ်ကွက် ဇေယျသုခလမ်းနှင့် သပြေညိုလမ်းထောင့် ၌ လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲခဲ့ကြောင်း။
  • အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် မြို့နယ်အခွန်ဦးစီးဌာန မှူးရုံးအနီးရှိ သင်္ဘောကျင်း မှတ်တိုင်၌ လက်လုပ်မိုင်း တစ်လုံး  ဖောက်ခွဲခဲ့ကြောင်း။
  • ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး  သာကေတ မြို့နယ် အမှတ်(၅) ရပ်ကွက် မြင်တော်သာလမ်းရှိ မြို့နယ် စည်ပင်သာယာရေး ရုံးအား လက်လုပ်မိုင်းတစ်လုံး ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်ရှိ သင်္ဘောကျင်းရဲစခန်းအား လက်လုပ်မိုင်း တစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး  သာကေတမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်း  တစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဧပြီ ၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ရှိ ဝါဝါဝင်း ဆောက်လုပ်ရေးမုခ် ဦးအား လက်လုပ်မိုင်း နှစ်လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ဧပြီ ၆ ရက်တွင် အလုံမြို့နယ် ဧရာဝတီရပ်ကွက်  သခင်မြပန်းခြံဘေးရှိ YBS (၅၆) ဂိတ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

 

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ  အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင်  ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍ ဆုငွေများ ပေးအပ် ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ရန် သတင်းထုတ်ပြန်ထားသည်။ 

 

သတင်းစဉ်