ရန်ကုန် မတ် ၃

 

စိုက်ပျိုးစွမ်းအား ပြည်ထွန်းကားဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲမျိုးစုံ ဧက ၄၉၀၀၀၀ ကျော်နှင့် ဆီထွက်သီးနှံဧက ၁၆၀၀၀ ကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းပြီးနောက် သီးထပ်အနေဖြင့် ဆောင်းသီးနှံ မတ်ပဲ ၆၀၄၅၁ ဧက၊ ပဲတီစိမ်း ၄၂၁၀၄၅ ဧကနှင့် အခြားပဲမျိုးစုံ ၉၀၀၉ ဧက စုစုပေါင်း ၄၉၀၅၀၅ ဧကနှင့် ဆီထွက်သီးနှံ မြေပဲ ၄၄၄၁ ဧက၊ နှမ်း ၃၈၃၇ ဧကနှင့် နေကြာ ၈၀၀၁ ဧက စုစုပေါင်း ၁၆၂၇၉ ဧက စိုက်ပျိုးထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး၊ တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် စိုက်ပျိုး နည်းစနစ်မှန်ကန်စေရန် အပင်ပြုစုခြင်း၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းတို့ကို စိုက်ပျိုးတောင်သူ တို့ထံ ရာသီအလိုက် အသိပညာပေးဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

“ တစ်နှစ်ထက်တစ်နှစ် ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံ ပိုမိုစိုက်ပျိုးနိုင်အောင်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် တောင်သူတွေကို ပညာပေးလုပ်ငန်းတွေဆောင်ရွက်ပေးပြီး သူတို့လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ၊ ရေရရှိရေးနဲ့ အခြားလိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးနေတာရှိပါတယ်။ နေကြာဆိုရင် မနှစ်က ဧက ၄၅၀၀ ကျော်ကနေ ဒီနှစ်မှာ ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်တာကို တွေ့ရမှာပါ။ မျိုးစေ့ဆိုရင်တောင်သူတွေထံ ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်အောင် စီမံဆောင်ရွက်ပေးထားတဲ့အတွက် ဒီနှစ်ဆောင်းသီးနှံအနေနဲ့ အထွက်နှုန်းတိုးတက်ပြီး အောင်မြင်မှုရရှိမှုအပေါ် တောင်သူတွေအားရကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

ယမန်နှစ်က ဆောင်းသီးနှံ ပဲမျိုးစုံ ဧက ၄၉၅၀၀၀ ခန့်နှင့် ဆီထွက်သီးနှံ ၁၄၅၁၃ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ဆီထွက်သီးနှံ ဧက ၁၆၀၀၀ ကျော် စိုက်ပျိုးနိုင်မှုဖြင့် တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုကို အထောက်အပံ့ကောင်းတစ်ခုအဖြစ် အကျိုးပြုနိုင်မည်ဖြစ်ပြီး ဆောင်းသီးနှံ ပဲမျိုးစုံကို ခရိုင်ခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို ခရိုင်ခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့တွင် စိုက်ပျိုးထားသည်။

 

တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေရေးနှင့် တစ်ဧကထွက်နှုန်း တိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်းသီးနှံအတွက် သွင်းအားစုများအဖြစ် ယူရီးယားဓာတ်မြေဩဇာ ၈၉၄၅ ဒသမ ၂၀ တန်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ တန် ၇၀၀၀ ကိုလည်း စိုက်ပျိုးတောင်သူများထံ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဥဿ၊ ဓာတ်ပုံ - ကိုလွင်