ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ချုပ်၊လက်သမားနှင့် ဝရိန်အတတ်ပညာကို အခမဲ့ သင်ကြားပေးရန် ဖိတ်ခေါ်ခဲ့ရာ စိတ်ဝင်စားသူများပြားနေ

ရန်ကုန် မေ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ချုပ်၊လက်သမားနှင့် ဝရိန်အတတ်ပညာကို အခမဲ့ သင်ကြားပေးရန် ဖိတ်ခေါ်ခဲ့ရာ စိတ်ဝင်စားသူများပြားကြောင်း အဆိုပါ သင်တန်းကို စီစဉ်နေသည့် FXB Myanmar အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကျောင်းမှ သိရသည်။

အဆိုပါ သင်တန်းကျောင်းမှာ ရွှေပြည်သာမြို့နယ်တွင် တည်ရှိကာ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို နှောင်ကြိုးမပါ အခမဲ့ သင်ကြားပေးနေရာတွင် ယခုတစ်ကြိမ်တွင်လည်း သင်တန်းပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

" အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်း မည်သူမဆိုတက်လို့ရတယ်။ ဘာမှမလိုဘူး ကျောင်းအပ်ဖို့ပဲလိုတယ်။ အသက်မွေး၀မ်းကျောင်း တစ်ခုခုတက်ထားရင် ကလေးတွေလည်း အလေအလွင့် မဖြစ်တော့ဘူးပေါ့။ သင်တန်းချိန်ကတော့ လေးလကြာမယ်။ ထမင်းကျွေးမယ်။ လာတဲ့ကလေးတွေကို လမ်းစရိတ်ပြန်ပေးမယ်။ အချိန်က မနက် ၈ နာရီကနေ ညနေ ၄နာရီအထိပါ။ တနင်္လာကနေ သောကြာနေ့အထိ ၅ ရက်တက်ရမယ်။ စက်ချူပ်ပါမယ်၊ လက်သမားပါမယ်၊ ပန်းရံပါမယ်၊ ၀ရိန်ပညာပါမယ်။ အလုပ်အကိုင် အခွင့်အလမ်းကတော့ သူတိုထူးချွန်တဲ့ပေါ်မှာ မူတည်ပြီး ရွေးချယ်သွားလိမ့်မယ်။ လာသင်တဲ့သူတွေက တကယ်ပညာရှင်တွေ လာသင်မှာပါ။ သူတို့တွေက ပညာဒါနလုပ်အားလာပေးတာ။ စက်ချူပ်မှာဆိုရင် ဒီဇိုင်နာတွေလာသင်မှာ " ဟု  အဆိုပါ သင်တန်းတွင် သင်ကြားရေး ပါဝင်သူတစ်ဦး ဖြစ်သည့် ဆရာမ ဒေါ်ခင်မြနှင်း ကပြောသည်။

ယခင်နှစ်များက ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်ကဲ့သို့ အွန်လိုင်းတွင် ကြော်ငြာခြင်း မရှိခဲ့ဘဲ ယခုနှစ်မှ သာကြော်ငြာရာတွင် လူစိတ်ဝင်စားမှု များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် MFPE အဆိုပါအခမဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းကို ယခုနှစ်တွင်စတင်ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များကလည်းဖွင့်လှစ်ခဲ့သော်လည်း ကြော်ငြာခြင်းမရှိသဖြင့် လူစိတ်ဝင်စားမှုနည်းပါးခဲ့ကြောင်း၊  ယခုနှစ်တွင် စိတ်ဝင်စာမှုများလာခဲ့ပြီး ကျောင်းအပ်လက်ခံရာတွင်လည်း ကျောင်းအပ်နှံမှုများမှာ ယခင်နှစ်များကထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

"နှစ်တိုင်းကလေးတွေနည်းတယ်။ ဒီနှစ်ကတော်များများလာတယ်။ လာလည်းလာကြတယ်။  စိတ်ဝင်စားမှုလည်း မြင့်လာသလို လာမေးကြတာလည်းများတယ်” ဟု ဒေါ်ခင်မြနှင်း က ရှင်းပြသည်။

Thit Taw