နေပြည်တော် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဒါရိုက်တာ အဖွဲ့ဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေး တာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ် လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ ဝန်အားထိန်းညှိရသဖြင့် အချိန်ပိုင်း ဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သက်မှတ်ထားသည့်အချိန်တိုင်း တိကျစွာရရှိရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ် တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများ အပေါ် အားလုံးမှတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲရန်လိုအပ်ပြီး ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့် လုပ်ငန်းများပြီးပြတ်စေရေး Work Plan ၊ Cash Plan ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်းရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုများမရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားခကြွေးကျန် အလွှဲသုံးစားမှုများမဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍လည်ကောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)