ရန်ကုန်တိုင်းဒေသကြီးအတွင်း မုန်တိုင်းကြိုတင်ကာကွယ်ရေးတွင် ရေငန်ဝင်ရောက်မှုမရှိစေရေးနှင့် သောက်သုံးရေ အခက်အခဲမရှိစေရန် စီမံဆောင်ရွက်ထား

ရန်ကုန်  မေ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေ ပေးဝေရေး၊  ရေကြီးနစ်မြုပ်မူကာကွယ်ရေး၊ မြေနိမ့်ပိုင်းစိုက်ကွင်းများသို့ ရေငန်ဝင်ရောက်မှု တားဆီးရေးနှင့် ရန်ကုန်မြို့တော်သို့ သောက်သုံးရေးပေးဝေခြင်းလုပ်များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်ကြုံတွေလာပါက ရန်ကုန်တိုင်းဒေသကြီး၏ အနိမ့်ပိုင်းဒေသများရှိ စိုက်ခင်းများနှင့် လူနေရပ်ကွက်များသို့ ရေငန် ဝင်ရောက်မှုမရှိစေရန်နှင့် မြို့ပြနေပြည်သူများ သောက်သုံးရေး မပြတ်လပ်စေရေးအတွက် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

 

"ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေနဲ့ သဘာဝဘေးဖြစ်ပေါ်လာရင် ပင်လယ်ရေငန်ဝင်ရောက်မှုမရှိစေရေးနဲ့ သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ပင်လယ်ရေငန်ဝင်ရောက် မှုမရှိစေဖို့တာတမံနဲ့ ဆည်တွေမှာ အချိန်တပြေးညီ ရေကင်းအဖွဲ့တွေ၊ လိုအပ်မယ့်အရေးပေါ်ပစ္စည်းတွေ ထားရှိထားပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် တာတမံတွေပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းအတွက်လည်း စက်ယန္တရား တွေကို အသင့်ထားရှိထားပြီးပါပြီ။ ဆည်နဲ့တာတမံတွေအားလုံး လည်းကြံ့ခိုင်မှုအပြည့် ရှိပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးဉာဏ်စိုးက ပြောသည်။

   

ရန်ကုန်တိုင်းဒေသကြီးတွင် ရေလှောင်တမံ(၉)ခု၊ ရေဘေးကာကွယ်ရေးနှင့် ရေငန်တားတာတမံ စုစုပေါင်း(၄၉)ခု၊ ရေထိန်းတံခါး(၁၆၀)နှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂၂)ခုတို့ဖြင့် တိုင်းဒေသကြီး အတွင်း အကျိုးပြုဧကပေါင်း (၁၀၁၄၇၇၆)ဧကကို အကျိုးဖြစ်ထွန်းစေရန် နှစ်စဉ် ထိန်းသိမ်းပြုပြင် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ သန်လျင် ၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှုး၊ တွံတေး၊ ဒလမြို့နယ်တို့တွင် ရေငန်တားတာ(၂၇)ခုမှ စုစုပေါင်းတာ အလျားအရှည် ၂၉၂ မိုင်ဖြင့် ပင်လယ်ရေငန် ဝင်ရောက်မှုကို ကာကွယ်တားဆီးထားသည်။ မုန်တိုင်းအန္တရာယ်စောင့်ကြည့်ချိန်နှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရပါက ရန်ကုန်မြို့နေပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရန်နှင့် စိုက်ခင်းများနှင့် လူနေရပ်ကွက်များအတွင်းသို့ ရေငန်ဝင်ရောက်မှုမရှိစေရန် ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး၊ ညိမ်းသူ (သတင်းစဉ်)