ရန်ကုန်တိုင်းဒေသကြီးအတွင်း နွားနှင့်ဝက်များတွင် ဖြစ်ပွားတတ်သော ခွာနာလျှာနာ ရောဂါကို ကြိုတင်ထိန်းချုပ်

ရန်ကုန် ၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရာသီကာလ နွားနှင့်ဝက်တို့တွင် ဖြစ်ပွားတတ်သော ခွာနာလျှာနာ ရောဂါကို ကြိုတင်ကာကွယ်ဆေး လုပ်ငန်းများ ဆောင်ရွက်မှုဖြင့် ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ထိန်းချုပ်ထားကြောင်း သိရသည်။

တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပေါင်း ၁၉ မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများက မြေပြင်ကွင်းဆင်းဆောင်ရွက်၍ နို့စားနွား၊ ခိုင်းနွားနှင့်ဝက်များကို မတ်လတတိယပတ်မှစ၍ ဇူလိုင်လအထိ လစဉ် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ထို့အပြင် တောင်ပိုင်းခရိုင်အား ခွာနာလျှာနာရောဂါ ကင်းရှင်းရေး အထူးဇုန် သတ်မှတ်၍ တိရစ္ဆာန်အကောင်ရေ စာရင်းကောက်ယူခြင်း၊ မွေးမြူရေးတောင်သူများအား သင်တန်းများ ပို့ချခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

“ခွာနာလျှာနာရောဂါနဲ့ပတ်သက်ရင် မွေးမြူရေးတောင်သူများအနေနဲ့ မိမိတို့ရဲ့ တိရစ္ဆာန်မှာ ရောဂါဖြစ်တယ်လို့ သံသယရှိရင် အမြန်သတင်းပို့ရမှာပါ။ အဲဒီလို သတင်း ပို့ပြီးတာနဲ့ ဌာနရဲ့ညွှန်ကြားမှုကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ ရောဂါဖြစ်ပွားတဲ့ တိရိစ္ဆာန်ကို နေရာရွှေ့ပြောင်းခြင်း မပြုဘဲ ဌာနကအမြန်ဆုံး လာရောက် ကုသပေးမှာပါ။ ကူးစက်မှုမြန်တဲ့အတွက် ကုသပြီးရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုပြီးရင် သွားလာလို့ရပါပြီ။ နယ်စပ်ဖြတ်ကျော် ရောဂါအဖြစ် သတ်မှတ် ထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက နွား၊ ကျွဲ၊ ဝက်တွေ မိုးရာသီမှာ ခွာနာလျှာနာ ဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထား ပြီးပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ တိုးမင်းထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အမဲသားနှင့် ဝက်သားကို နေ့စဉ်ထုတ်လုပ်လျက်ရှိပြီး တိုင်းဒေသကြီးအပြင် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဝင်ရောက်သော နွားနှင့် ဝက်တို့တွင် ရောဂါကင်းရှင်းမှု ရှိ/မရှိ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ယမန်နှစ်မိုးရာသီက ထန်းတပင်မြို့နယ်တွင် ခွာနာလျှာနာ ရောဂါဖြစ်ပွားခဲ့ရာ အမြန်ဆုံး သိရှိ၍ဖြစ်ပွားသော ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ယခုနှစ်မိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွာနာလျှာနာရောဂါကို ကြိုတင် ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
 ညိမ်းသူ ( သတင်းစဉ် )