ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး 

ရန်ကုန်      နိုဝင်ဘာ     ၁၀

 

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

           

“ ပထမတစ်ကြိမ်တုန်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဒုတိယအကြိမ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်ပါတယ်။ နိုဝင်ဘာလ(၁၀)ရက်နေ့ကနေ နိုဝင်ဘာလ(၁၃)ရက်နေ့အထိ နံနက်(၉)နာရီ ကနေ ညနေ(၄)နာရီအထိ လေးရက်ကြာ ထိုးနှံပေးသွားမှာဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။

 

“ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်း လာပေမဲ့လည်း YBS ယာဉ်တွေပေါ်မှာ ကိုဗစ်-၁၉ရောဂါ ပျံ့နှံမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း တွေအပြင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)