ရန်ကုန် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီးတွင် နွေစပါးရာသီ၌ နွေစပါး ၂၆၇၀၇၈ ဧက တိုးချဲ့စိုက်ပျိုးခဲ့ပြီး မေလဒုတိယပတ်တွင် နွေစပါးဧက ၁၉၀၀၀၀ ကျော် ရိတ်သိမ်းထားပြီးဖြစ်၍ မေလကုန်ပိုင်း၌ နွေစပါးများကို အပြီးသတ်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း နွေစပါး ၂၅၀၈၉၆ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၂၆၇၀၇၈ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နှစ်ကထက် နွေစပါး ၁၆၁၈၂ ဧက တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း၊ ရိတ်သိမ်းရန်ကျန်ရှိသော နွေစပါးများကို ခရိုင်အလိုက် ဆက်လက်ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကလျှင် တင်း ၉၃ ဒသမ ၄၀ ထွက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေ ရရှိတဲ့အတွက် မနှစ်ကထက် နွေစပါးပိုမိုစိုက်ပျိုးလာပြီး ဌာနအနေနဲ့လည်း စိုက်ပျိုးမှုနည်းစနစ်တွေကို တောင်သူတွေလိုက်ပါနိုင်အောင် ဆောင်ရွက်ကြိုးပမ်းခဲ့တာကြောင့် အထွက်နှုန်းတိုးလာတယ်လို့ ပြောရမှာပါ။ အရင်က ပျိုးကြဲစနစ်နဲ့ စိုက်ပျိုးရာက ယခုအခါမှာ မျိုးစေ့ချကိရိယာနဲ့ စိုက်ပျိုးနိုင်ခဲ့တာကြောင့် စိုက်ခင်းတွေ တိုးလာတဲ့အတွက် တောင်သူတွေ ဝင်ငွေတိုးတဲ့ နွေစပါးရာသီလည်းဖြစ်ပါတယ်။ အထွက်နှုန်းဆိုရင် ပျမ်းမျှအားဖြင့် တစ်ဧက တင်း ၉၀ ကျော် ဆိုပေမယ့် တင်း ၁၀၀ ကျော် ထွက်တဲ့ အခင်းတွေလည်းရှိပါတယ်။ မေလထဲမှာ နွေစပါးအကုန် ရိတ်သိမ်းသွားမှာပါ။ နွေစပါးကုန်တာနဲ့ မိုးစပါးကို ဆက်လက်စိုက်ပျိုးဖို့ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဆန်စပါးဖူလုံမှု ရာခိုင်နှုန်းတိုးလာပြီး စားသုံးမှုဖူလုံစေတဲ့အတွက် တောင်သူတွေ လိုက်နာဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။
နွေစပါးအများဆုံးစိုက်ပျိုး
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနည်းစနစ် မှန်ကန်စေရေးနှင့် သိပ္ပံနည်းကျစိုက်ပျိုးနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်များတွင် မျိုးစေ့ချကိရိယာ အလက် ၈၀၀၀ ပံ့ပိုးမှုဖြင့် ၂၀၂၄ ခုနှစ်တွင် Seeder စနစ်ဖြင့် ၈၅၇၂၆ ဧက၊ ၂၀၂၅ ခုနှစ်တွင် ၁၀၆၂၄၂ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးကို ခရိုင် ရှစ်ခရိုင်တွင် စိုက်ပျိုးရာ၌ တွံတေးခရိုင်တွင် နွေစပါး အများဆုံးစိုက်ပျိုးထွက်ရှိခဲ့သည်။
နွေစပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်တွင် မိုးစပါးများ ဆက်လက်စိုက်ပျိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ဧကများ မြေဆီလွှာ တိုးတက်ကောင်းမွန်လာစေရန် နွေထယ်ရေးခံခြင်းနှင့် သဘာဝမြေဩဇာဖြစ်သော ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နွေစပါးရာသီ၌ ဆင်းသုခ၊ ရက် ၉၀၊ သီးထပ်ရင်၊ GW-11၊ ဗီယက်နမ်၊ ကောက်ညှင်းနှင့် အခြားသောသက်တမ်းတို မျိုးစပါးများကို ယခုလအတွင်း အပြီးသတ်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - ဥဿာ