ရန်ကုန်တိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၃၄ ကျောင်း၌ မူ/လယ်အဆင့် ကိုရင်,သီလရှင်နှင့်ကျောင်းသား၊ ကျောင်းသူ ၆၇၀၇၇ ဦး ပညာသင်ကြားလျက်ရှိ

ရန်ကုန်  ဇွန် ၂၁

 

မြန်မာ့ပညာရေးမျှော်မှန်းချက်ဖြစ်သော မျက်မှောက်ကာလတွင် ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင် မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများနည်းတူ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများကိုလည်း နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၃၄ ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းအဆင့်တို့၌  ကိုရင်၊ သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူ ၆၇၀၇၇ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ ဇွန် ၃ ရက်မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းအပ်နှံမှုတွင် အခြေခံပညာရေးကျောင်း များနည်းတူ အခမဲ့ပညာရေးစနစ်ဖြစ်၍ တိုင်းရင်းသားဒေသများမှ ကိုရင်၊ သီလရှင်များ အထူးအား ထားရာဖြစ်သည့်အပြင် အခြေခံပြည်သူတို့၏ သားသမီးများ အမီပြုရာကျောင်းများအဖြစ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကိုရင်နှင့် သီလရှင်များ အနေဖြင့် စာပေကို အခြားသူတို့ထက် ကြိုးစားသင်ယူကြလျက်ရှိပြီး အနာဂတ်သာသနာတော် တည်တံ့ပြန့်ပွားရေးတွင် အထောက်အပံ့ဖြစ်စေလျက်ရှိကာ အဆိုပါကျောင်းများမှ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုသောဝန်ထမ်းများကိုလည်း မွေးထုတ်ပေးလျက်ရှိသည်။

 

“ရန်ကုန်တိုင်း‌ဒေသကြီးမှာ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းပေါင်း ၂၃၄ ကျောင်း ရှိတယ်။ဦးဇင်းတို့ သာကေတမှာဆိုရင် ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းနှစ်ကျောင်းရှိတယ်။ တောင်ပေါ်ဒေသက တိုင်းရင်းသားနဲ့မြို့နယ်တွေက ကလေးတွေလာတက်ကြတာများတယ်။ သီလရှင်တွေဆိုရင် ရွာသာကြီးနဲ့ သန်လျင်ကလာပြီးပညာသင် ကြားနေကြတာ။ အထက်တန်းအဆင့်ဆိုရင် ကျောင်းသား ၂၀၀ ကျော်ရှိတယ်။ သူတို့လေးတွေ ဘုန်းကြီးကျောင်းမှာသင်ကြားရင် အခက်အခဲမရှိပေမယ့် ရပ်ကွက် ထဲကအထက် တန်းကျောင်းတွေမှာ ပညာသင်ရတဲ့အခါ အခက်အခဲမျိုးစုံရှိလာတယ်။ သွားတာလာတာ၊ အခြားအရေးကိစ္စတွေနဲ့ ဆွမ်းစားချိန်ကအစပေါ့။ ကိုရင်၊ သီလရှင်တွေ မူလတန်းနဲ့ အလယ်တန်း အဆင့်ကို အောင်မြင်ပြီး အထက်တန်းအဆင့်ကို တက်‌‌ရောက်ရာမှာ အခက်အခဲရှိလာရင် ကျောင်းထွက် မယ့်သူတွေ များလာနိုင်တယ်။ အထူးသဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ကြမယ့်သူတွေ လျော့မသွားစေလိုဘူး။ ကလေးတွေပညာတတ်ပြီး နိုင်ငံသားကောင်းတွေ များများပေါ်ထွန်းလာအောင် တတ်နိုင်သမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု သာကေတမြို့နယ် နတ်မောက် ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသုတဓရက မိန့်ကြားသည်။

 

ရန်ကုန်တိုင်း‌ဒေသအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀ ကျောင်း၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်းနှင့် အထက်တန်း‌ကျောင်း‌ ၄၀၉ ကျောင်း၊ ပုဂ္ဂလိကကျောင်း ၃၂၄ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၃၄ ကျောင်းတို့ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနေဖြင့် ဆင်းရဲချမ်းသာမရွေး လူတိုင်းအရေးအဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်၊ ပညာသင်ကြားရေးတွင် စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများဖြစ်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ကြစေရန်၊ ဗုဒ္ဓဘာသာသာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်နှင့် အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမာန်၊ သစ္စာ(mna)