ရန်ကုန်တိုင်းဒေသကြီးတွင် နွေစပါးစိုက်ဧက လျာထားချက်ထက် ၂၅၀၈၆၉ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့

ရန်ကုန် မေ ၂၁

 

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် နိုင်ငံတော်မှ စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးကူညီမှုဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ဧကများ တိုးချဲ့၍ စိုက်ပျိုးခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈) ခရိုင်တွင် နွေစပါး ၂၅၀၈၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

စပါးစိုက်တောင်သူများ အထူးအားထားသည့် နွေစပါးအထွက်နှုန်း အောင်မြင်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သောစိုက်ပျိုးရေကို ဆည်တမံများနှင့် မြစ်ရေတင်စနစ် တို့ဖြင့် ပို့လွှတ်နိုင်ခဲ့ပြီး နွေစပါးအတွက် အောင်‌ရေပြည့်မီစွာရရှိမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခရိုင်(၈)ခရိုင်မှ မြို့နယ် ပေါင်း(၁၅) မြို့နယ်တွင် နွေစပါးလျာထားချက်ဧက ၂၀၅၅၅၄ ဧကတွင် ၂၅၀၈၆၉ ဧကအထိ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

တောင်သူများ နွေစပါး၊ မိုးစပါးစိုက်ပျိုးနိုင်ရန်နှင့် မျိုးစေ့ထုတ်စိုက်ဧကများအတွက် သွင်းအားစုများ အဆင်ပြေချောမွေ့စေရန် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော ယူရီးယား ဓာတ်မြေဩဇာ ၃၄၄၉ တန် ခွဲတန်းရရှိခဲ့ရာ ဇန်နဝါရီလကုန် ပိုင်းအထိ အားလုံးဖြန့်ဖြူးထားသည့်အပြင် လယ်ယာသုံးစက်ကရိယာအပိုင်းတွင်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မျိုးစေ့ချ ကရိယာ ၅၅၀၀ အား စက်မှုလယ်ယာဦးစီးဌာနမှ မှာယူဖြန့်ဖြူးခဲ့ကာ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မျိုးစေ့ချကရိယာအလက် ၂၅၀၀ ထပ်မံဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ဒီနှစ်နွေစပါးကို မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာစိုက်တယ်။ နွေစပါးကို တွံတေးနဲ့ တိုက်ကြီးမှာ တောင်သူတွေက အများဆုံးစိုက်ပျိုးတာပါ။ နွေစပါးထွက်နှုန်းကောင်းတယ် လို့ဆိုရမယ်။ ကျဲခင်း နေရာမှာ စိုက်ခင်းပြောင်းပြီးစိုက်တာ၊ စက်ပစ္စည်းကရိယာကို လက်တွေ့ကျကျ အသုံးပြုတာ၊ စနစ်တကျ စိုက်ပျိုးမှု၊ မြေဩဇာကိုစနစ်တကျ သုံးစွဲတတ်မှုနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြပ်မတ်ဆောင်ရွက် မှုတို့ကြောင့် နွေစပါးထွက်နှုန်းကောင်း လာတယ်လို့ဆိုရမှာပါ။ နွေစပါးပြီးတဲ့လယ်တွေဆိုရင် မိုးစပါး ဆက်ပြီး စိုက်ပျိုးနိုင်အောင် လယ်ကိုပြုပြင်ခြင်းနဲ့ မိုးစပါးပျိုးခင်းအတွက် လုပ်‌ဆောင်နေကြပါပြီ။ ဒီနှစ် နွေစပါး လျာထားချက်ဧကထက် ပိုပြီးစိုက်ပျိုးနိုင်တာကိုတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အထူး သဖြင့် တောင်သူတွေ နွေစပါးမှာဝင်ငွေရသလို တစ်ဆက်တည်းစိုက်ပျိုးတဲ့ မိုးစပါးမှာလည်း ဝင်ငွေရမှာ ဖြစ်တဲ့အတွက် စိုက်ပျိုးတောင်သူတို့ရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတာကြောင့် ပိုပြီးဝမ်းသာကြည်နူး ဖြစ်ရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါး သီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင်လည်း ပိုမိုစိုက်ပျိုးထွက်ရှိနိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေး၍ စီမံကိန်းလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးမှုတွင် ၂၅၀၈၉၆ ဧကအထိ တိုးချဲ့ စိုက်ပျိုးခဲ့ရာ ၂၃၀၆၁၂ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး စိုက်ပျိုးမှုနောက်ကျသော နွေစပါးခင်းအချို့မှာလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးကို မေလကုန်နှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးလေ့ရှိပြီး အောက်တိုဘာလကုန်ပိုင်းမှ ဇန်နဝါရီလဆန်းအထိ ရိတ်သိမ်းလေ့ရှိကြောင်း၊ တောင်သူများ အထူးအားထားသည့် နွေစပါးကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုး လေ့ရှိပြီး ဧပြီလမှ မေလကုန်အထိ ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

 ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)