ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် တံဆိပ်ခေါင်း

မေ၂၃

ယခု ၂၀၂၀ ပြည့်နှစ်ကာလသည် ရန်ကုန်တက္ကသိုလ်ကြီး နှစ် (၁၀၀) ပြည့် ကာလဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ထင်ရှားသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်ယူမြတ်နိုးဖွယ်ရာ နှစ် ၁၀၀ မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက် ထုတ်ဖော်ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသမိုင်းကြောင်းမှ အထင်ကရ ရာပြည့်အထိမ်းအမှတ်မှာ ကြုံတောင့်ကြုံခဲ ကြုံကြိုက်ခဲပေသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ ရာပြည့်သဘင်ကို တစ်နှစ်ပတ်လုံးကျင်းပရန်သတ်မှတ်ခဲ့သည်။ ။

 

သို့သော် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက် ရောဂါကပ်ဘေးကြောင့် လူစုလူဝေးနှင့် အခမ်းအနားများ မပြုလုပ်ရသည့် အခြေအနေတွင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နှင့် ခေတ္တအလှမ်းဝေးခဲ့ရသည်ဟုဆိုချင်သည်။ သို့သော် ကြုံတောင့်ကြုံခဲ သမိုင်းဝင် ရာပြည့်သဘင် အထိမ်းအမှတ်ကိုမူ မေ့ပျောက်ထား၍ ရမည်မဟုတ်ပေ။ လတ်တလောတွင် လူစုလူဝေးဖြင့် မကျင်းပရသော်လည်း ရန်ကုန်တက္ကသိုလ်ကြီး၏ အထိမ်းအမှတ် တစ်ခုခုဖြင့် ပြည်သူများအကြား မျှဝေပေးကြရမည် ဖြစ်သည်။

 

ယင်းမှာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်းနှင့် စာအိတ်တို့ကို ငွေကျပ် ၂၀၀ နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လုပ်ငန်းပြည့် စာတိုက်များ၌ စတင်ရောင်းချလိုက်ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို နောက်ခံထား၍ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ အထိမ်းအမှတ် သစ်ပုပ်ပင်ကြီးနှင့် ကံ့ကော်ပန်းလေးကို အမှတ်အသားပြုပြီး မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ထာဝရကဗျာ ထည့်သွင်းပုံနှိပ်ထားသော တံဆိပ်ခေါင်းနှင့် စာအိတ်လေးများဖြင့် တစ်နိုင်ငံလုံးအား အသိပေးနှိုးဆော် ဂုဏ်ပြုပေးကြရမည် ဖြစ်သည်။ ။

 

မြန်မာနိုင်ငံ၏ သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကြီးအား ရွှေရတု၊ စိန်ရတု၊ ရာပြည့် စသည့် တံဆိပ်ခေါင်းအမျိုးမျိုးဖြင့် ဂုဏ်ပြုခဲ့ကြလေသည်။ တံဆိပ်ခေါင်းဆိုသည်မှာ အခွန်တံဆိပ်ခေါင်း၊ စာပို့တံဆိပ်ခေါင်း ဟူ၍ရှိရာ စာပို့တံဆိပ်ခေါင်းများဖြင့် ခေတ်စနစ်သမိုင်းအဆက်ဆက်ကို မီးမောင်းထိုးပြလေ့ရှိသည်။ ကျွန်ုပ်တို့သည် နည်းပညာခေတ်ကို ဖြတ်သန်းနေကြရသည် ဆိုသော်လည်း သမိုင်းတန်ဖိုးကြီးမားသည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများဖြင့် နိုင်ငံ့သမိုင်း၏ ဂုဏ်ဒြပ်ကို ထင်ဟပ်ဖော်ပြပေးကြရမည် ဖြစ်သည်။

 

နည်းပညာ ဆက်သွယ်ရေးသည် သက်သေခိုင်မာသော အထောက်အထား နည်းပါးပြီး ပုံနှိပ်နည်းပညာဖြင့် ခိုင်မာသော သက်သေအထောက်အထားများကို ဂုဏ်ပြုထင်ဟပ်၍ ဆက်လက်ဖော်ထုတ်ပေးကြရမည်ဖြစ်သည်။ တံဆိပ်ခေါင်းသည် ငွေကဲ့သို့တန်ဖိုးရှိပြီး အထိမ်းအမှတ် တံဆိပ်ခေါင်းဖြင့် တစ်ဦးထံသို့တစ်ဦး ပို့ဆောင်ပေးခြင်းကို ၁၉၂၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သမိုင်းကြောင်း ရှည်လျားခဲ့သော ရန်ကုန်တက္ကသိုလ်ဟူသည့် အမှတ်တရအသိပညာဗဟုသုတများကို မျှဝေပေးရာရောက်သည်။

 

ယခုထုတ်ဝေလိုက်သော ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) တံဆိပ်ခေါင်းနှင့် စာအိတ်ပေါ်တွင် သမိုင်းဝင် တက္ကသိုလ်ကြီးနှင့်ပတ်သက်သည့် လေးနက်သော အကြောင်းအရာများနှင့် အဓိပ္ပာယ်များ ပါရှိပေရာ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားများကို လတ်တလော မကျင်းပနိုင်သေးမီ တက္ကသိုလ်၏ ထင်ရှားသောဂုဏ်ဒြပ်ကို ထင်ဟပ်ဖော်ပြထားသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းဖြင့် မျှဝေအသိပေး ဂုဏ်ပြုကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်သည် ကြုံတောင့်ကြုံခဲ ကြုံဆုံရသည့် မြန်မာနိုင်ငံသမိုင်းကြောင်းမှ ပညာရေး၊ နိုင်ငံရေး ဂုဏ်ပြု အထိမ်းအမှတ်ဖြစ်ရာ ကိုဗစ်-၁၉ ကာလ အတွင်း၌ သမိုင်းကြောင်းဂုဏ်ဒြပ် ထွန်းပြောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ အစဉ်အလာ ကောင်းများကို နှစ် (၁၀၀) အထိမ်းအမှတ် ဂုဏ်ပြုတံဆိပ်ခေါင်းကို အသုံးပြု၍ တစ်ဦးနှင့် တစ်ဦး ရန်ကုန်တက္ကသိုလ် အမှတ်တရများကို မျှဝေအသိပေးသွားကြ ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ