ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၂၁ မေ 

ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သာမန်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တက္ကသိုလ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ 

ထို့ပြင် ပညာရပ်ဆိုင်ရာ မြှင့်တင်မှု(Software) ကော်မတီနှင့် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware)ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီး Master Plan များ ရေးဆွဲပြုစုဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အင်္ဂလိပ်စာ အရည်အသွေး ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ အိုင်စီတီဆိုင်ရာများ ဖြည့်ဆည်းပေးခြင်း၊ wifi အင်တာနက်နှင့် e-library များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကို လည်းဆောင်ရွက်လျက်ရှိပြီး သင်ကြားသင်ယူမှုပိုမို ကောင်းမွန်ရေး၊ အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေးနှင့် ပညာရေး အရည်အသွေး ကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ပညာရပ်ဆိုင်ရာမြှင့်တင်မှု (Software) ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဝင့်၊ ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး (Hardware) ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်တို့က ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)