ရန်ကုန် မေ ၁၈
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပထမဆုံး နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် ကင်မရွန်းတိုက်စစ်မှူး မူစတာဖာကို ခေါ်ယူလိုက်ပြီဖြစ်သည်။
မူစတာဖာသည် ပြီးခဲ့သည့်ရာသီက ရခိုင်ယူနိုက်တက်အသင်းတွင် ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး ထိပ်သီးကလပ် ရန်ကုန်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မူစတာဖာသည် ကင်မရွန်းသက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံရဖူးသူဖြစ်ပြီး အယ်လ်ဘေးနီးယား၊ တူနီးရှား စသည့် ကလပ်အသင်းများတွင် ကစားခဲ့သူဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး အာဂျင်တီးနားနိုင်ငံသားကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားသလို ရာသီသစ်အတွက် ကစားသမားသစ်များ စတင်ခေါ်ယူနေခြင်းဖြစ်သည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ - YUFC


