ရည်မှန်းချက်အောင်မြင်ရေး အစွမ်းကုန်ကြိုးပမ်း

 

မြန်မာသက္ကရာဇ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိ ခဲ့ပြီဖြစ်သည်။ နှစ်သစ်တွင် မျှော်မှန်းထားသော အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူများအနေဖြင့် နှစ်ဟောင်းကာလများအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသော  နောက်ဆက်တွဲ အခက်အခဲများ၊ ရွေးကောက်ပွဲကာလတွင် မရိုးမသားဆောင်ရွက်သည့် ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် နိုင်ငံရေး အကျပ်အတည်းများကို ကြုံတွေ့ခဲ့ကြရပေသည်။

 

နှစ်သစ်တွင် အခက်အခဲ၊ အကျပ်အတည်းများကို ညီညွတ်သောစုပေါင်း အင်အားဖြင့်  ကျော်လွှား၍  တိုင်းရင်းသား ပြည်သူများအကျိုးစီးပွားအတွက် မျှော်မှန်းထားသော  ရည်မှန်းချက်များအောင်မြင်အောင်  ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြားသည့် (၁) နိုင်ငံတော် ကြီးသာယာဝပြောရေး၊ (၂) တိုင်းပြည် စားရေရိက္ခာပေါများရေးဟူသည့် အမျိုးသား ရေးရည်မှန်းချက်နှစ်ရပ်  အောင်မြင်ရေးကို အစွမ်းကုန်ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ကြမှသာ ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာ ဝပြောစွာဖြင့် လူတိုင်းလူတိုင်း ကိုယ်စိတ်နှစ်ပါး ချမ်းသာကြကာ လုပ်ကိုင်စားသောက်နိုင်မည့်အပြင် နိုင်ငံတကာနှင့်လည်း ရင်ပေါင်တန်းနိုင်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ယခုနှစ်အချိန်အခါသမယသည် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြိုနှစ်ဖြစ်သည်။ စိန်ရတုလွတ်လပ်ရေးနေ့ကို အလေးအမြတ်ပြု သောအားဖြင့် လွတ်လပ်ရေး၏အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏ အနှစ် သာရများကို အပြည့်အဝခံစားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့အပြင် ယခုနှစ် ပြည်ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ချစ်ခင်စည်းလုံး စွာဖြင့် ညီညီညွတ်ညွတ်နေထိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အေးချမ်းသာယာဝပြောသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်ဖြစ်သည်။

 

ယနေ့အချိန်အခါသမယတွင် ပြည်သူအချင်းချင်းအကြား၊ တိုင်းရင်းသား ပြည်သူများအကြား သွေးကွဲရမည့် အချိန်အခါ မဟုတ်ပေ။ တစ်မိသားစု၊ တစ်မြေတည်းနေ မွေးဖွားလာသော ညီအစ်ကိုမောင်နှမအချင်းချင်း စိတ်ဝမ်းကွဲရသည့် အကြောင်းရင်းအမှန်ကို  သေချာဆန်းစစ်လေ့လာကြည့်ဖို့လိုမည်ဖြစ်သည်။ မိသားစုအချင်းချင်း အယူအဆကွဲပြားမှုများ ရှိမည်ဖြစ်သော်လည်း ဘေးပယောဂ ကြောင့်၊ ပြင်ပမှ သွေးထိုးမှုများကြောင့် စိတ်ဝမ်းကွဲပြားရသည်ကို သတိပြုမိကြရန် လိုအပ်ပေသည်။ ညီနောင်အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများကြောင့် ရှည်လျားစွာ ကြာမြင့်ခဲ့သည့် ပဋိပက္ခများသည် မိမိတို့၏မိသားစုဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အမိပြည်ထောင်စုကြီးသာ အဆိုးသံသရာတွင် နစ်မွန်းနေသည်ကို သတိပြုရမည်ဖြစ်သည်။

 

မငြိမ်းချမ်းမှု ရှည်ကြာလာသောကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပြီး ပတ်ဝန်းကျင်ကြား၊ နိုင်ငံတကာအလယ်တွင် မျက်နှာငယ်နေရသည်ကိုလည်း သတိပြုမိဖို့လိုသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကမ္ဘာ့အလယ်တွင် ဝင့်ထည်တင့်တယ်စွာ နေနိုင်ရေးအတွက်  အားလုံးစည်းလုံး ညီညွတ်ကြကာ ကြိုးပမ်းအားထုတ်ဖို့ လိုမည်ဖြစ်သည်။ တိုင်းပြည်တွင် အဖျက်အမှောင့် အနှောင့်အယှက်များရှိနေသော်လည်း အားလုံးလက်တွဲ ကျော်လွှားပြီး စိန်ခေါ်မှုများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝ သယံဇာတများ ပေါများကြွယ်ဝပြီး အလုပ်လုပ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် များ အလုံအလောက်ရှိပေသည်။ နိုင်ငံအတွင်း မည်သို့ပင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိသည်မှန်သော်လည်း မိမိတိုင်းပြည်၊ မိမိတို့ဘဝအတွက် အလုပ်လုပ်ကြရ မည်ဖြစ်ပေသည်။ အလုပ်လုပ်မှလည်း မိမိတိုင်းပြည်၊ မိမိတို့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာပြီး တင့်တယ်စွာနေထိုင်နိုင်ကြမည်ဖြစ်သည်။

 

တိုင်းရင်းသားပြည်သူအားလုံး၏ လိုအင်ဆန္ဒမှာ ငြိမ်းချမ်းစွာဖြင့် စားသောက်နေထိုင်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး စားရေရိက္ခာပေါများကြွယ်ဝရေးကို  ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်နိုင်အောင်လည်း  နိုင်ငံတော်တွင် အခြေခံကောင်းများရှိပြီး  လုပ်နိုင်စွမ်းအားများလည်း ရှိသဖြင့်  တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။  သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး အကျိုးစီးပွားအတွက် မျှော်မှန်းထားသော အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။