ရည်မှန်းချက်ကို ထိခိုက်မခံ

၁၃ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)များအား လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ အဆိုပါစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ပေါ် လာရေးအတွက် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်၍ မကြာသေးမီရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသသို့ ကွင်းဆင်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့်ပတ်သက်၍ လက်တွေ့ခံစားရသော မြန်မာနိုင်ငံအနေဖြင့်သာမက ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်ကြသော ပြည်ပမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများက ဖြစ်စဉ်အမှန်ကို နားလည်သိရှိထားကြသည်။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ဒေသခံတိုင်းရင်းသားများ ထိခိုက်နစ်နာမှု များစွာရှိခဲ့သော်လည်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် အဆင်ပြေစွာ ဆက်ဆံနိုင်ရေးကို ရှေးရှုကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များနှင့် ပြန်လည်ထူထောင်ရေးတို့ကို သဘောထားကြီးစွာဖြင့် လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးနေသည်။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိုသို့ဆောင်ရွက်ပေးနေချိန်တွင် တည်ငြိမ်အေးချမ်းစပြုနေ ပြီဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်းအား ထပ်မံဖျက်ဆီးနှောင့်ယှက်နိုင်သည့် အန္တရာယ်များ၊ ဖျက်ဆီးနှောင့်ယှက်မှုများအား မြင်တွေ့နေရပါသည်။ လောကအလိုအရ မည်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေဘဲ ဆောင်ရွက်မည်ဟု တရားနည်းလမ်းကျစွာ ဆုံးဖြတ်ထားသော်လည်း မိမိတို့၏ လုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေမည့်၊ ထိပါးနှောင့်ယှက်နေသည့် အန္တရာယ်များအား ညီညွတ်သော စွမ်းအားဖြင့် ဝိုင်းဝန်းဖယ်ရှား တိုက်ဖျက်ကြရမည် သာဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်အတွင်းနှင့် နယ်စပ်တစ်နေရာအတွင်းမှ ပုန်းခိုရောနှော ကျန်ရှိနေသည့် ARSA အစွန်းရောက်အကြမ်းဖက်သမားအချို့ သို့မဟုတ် ပါဝင်ပတ်သက်သူအချို့၏ လုပ်ရပ်များကို မြင်တွေ့ခဲ့ရပါသည်။ မောင်တောမြို့နယ် ကျောက်လှေခါးကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့က ပြစ်မှု ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မောင်တောမြို့နယ် ပချီးယားတန်းကျေးရွာ တောစပ်၌ နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ငါးရှာထွက်သော တိုင်းရင်းသားများအား ဓား၊ ရဲတင်း၊ သံတုတ်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် သုံးဦးကို နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးရမိခဲ့သည်။

အလားတူ အစောပိုင်းရက်များကလည်း အဆိုပါနယ်မြေဒေသအတွင်း အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်မှုအချို့ရှိခဲ့ပြီး မောင်တောမြို့နယ် ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာတို့၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် ၄၅ နှင့် ၄၆ ကြားတွင် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက နယ်စပ်ခြံစည်းရိုးများကို လိုက်လံစစ်ဆေးနေသည့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်လေးဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် မိမိနိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အထူးသတိထား၍ ညင်သာစွာကိုင်တွယ်ဆောင် ရွက်နေချိန်တွင် နိုင်ငံတကာဖိအားနှင့် မြန်မာနိုင်ငံ၏ ကိုင်တွယ်မှု အနေအထားကို အခွင့်ကောင်းယူ၍ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်မှုများ၊ သွေးတိုးစမ်းတိုက်ခိုက်မှုများအား ဖယ်ရှား ရှင်းလင်းရ မည်သာ ဖြစ်သည်။

သို့မဟုတ်ပါမူ တည်ငြိမ်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ် မြောက်ပိုင်းအား တစ်ဖန် ပြန်ဖျက်ဆီးလိုက်သကဲ့သို့ဖြစ်ပြီး ဖြစ်ထွန်းနေသော အခြေအနေကောင်းများအား ကြီးစွာထိခိုက်နစ်နာမှု ဖြစ်စေနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းများ အောင်မြင်စေရန် ကျရောက်လာနိုင်သည့်အန္တရာယ်များကို ထိထိရောက်ရောက် ဖယ်ရှားရှင်းလင်းရမည်သာ ဖြစ်ပါကြောင်း။    ။