ရည်မှန်းချက်ရောက်ရှိရေး စည်းကမ်းများလိုက်နာ

နေပြည်တော် အောက်တိုဘာ ၂၉

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့ခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း ကမ္ဘာ့ နိုင်ငံ များနည်းတူ ကြုံတွေ့ခံစားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က ပထမလှိုင်း၊ ဒုတိယ လှိုင်းဖြစ်ပွားခဲ့ပြီး ယခုနှစ် မေလ ၂၇ ရက်နေ့မှ စတင်၍ တတိယလှိုင်းစတင်ခဲ့သည်။ တတိယ လှိုင်းဖြစ်ပွားပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် အတည်ပြုပိုးတွေ့လူနာ အမြင့်ဆုံးဖြစ်ခဲ့ သည်။ ထိုနေ့က ကူးစက် ပိုးတွေ့နှုန်း ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ပိုးတွေ့နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် အမြင့် ဆုံးဖြစ်ခဲ့သည်။

 

ဇူလိုင်လနောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ၌ ပိုးတွေ့ လူနာအမြင့်ဆုံးဖြစ်ခဲ့ ပြီး ထိုကာလက အောက်ဆီဂျင်လိုအပ်မှုများနှင့် သေဆုံးမှုများမြင့်မားခဲ့ရာ ပြည်သူအများ ဒုက္ခအခက်အခဲများ ရောက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အလေးထား လိုက်နာ ဆောင်ရွက်ကြသဖြင့် စက်တင်ဘာလတွင် ရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ နိုင်ငံတော် တာဝန်ရှိသူများအပိုင်းမှ စနစ်တကျဆောင်ရွက်ပေးမှု၊ ကျန်းမာရေး ဆိုင်ရာဘက်၌ ရှိသည့် အင်အားဖြင့် စေတနာရှေ့ထား ကြိုးစားပမ်းစားဆောင်ရွက် ပေးမှု၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် စည်းကမ်း ဥပဒေလိုက်နာခြင်းအပိုင်းတွင် တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရောဂါဖြစ်ပွားနှုန်းသည် ရှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။

 

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့နှုန်းမှာ ငါးရာခိုင်နှုန်းအောက်သို့ ကျဆင်းနေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်နိုင်ရန်အတွက် ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်း အောက်သို့ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ် နိုင်ရန်အတွက် နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ သက်ဆိုင်ရာ မြို့နယ်များမှ ရောဂါ ကူးစက်မှုများပြားသော မြို့နယ်များရှိပြည်သူ များအား မိမိနေအိမ်တွင် နေထိုင်ရေး (stay athome) အစီအစဉ်များ ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ နယ်အများစုကို ကန့်သတ်ထားသောကြောင့် ပြည်သူများ၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး စသည်ဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့သည်။

 

ယခုအခါ သက်ဆိုင်ရာမြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာကြသဖြင့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲ အတည်ပြုလူနာများမှ တစ်ဦးမှ တစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှုများ လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက် နေစဉ်ကာလ၌ ကျန်းမာရေးအသိပညာပေး မြှင့်တင်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူအများစုက အလေး ထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော် ထုတ်၍ ဓာတ်ခွဲနမူနာယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော ၁၄ ရက်အတွင်း ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ကျန်းမာရေး ဝန်ထမ်း များ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့က ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့ နည်းလာကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ကြောင့် ပါဝင်ဆောင်ရွက်ကြသူအားလုံးတို့ကို ကျေးဇူး တင်ရမည်ဖြစ်သည်။

 

ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ Stay at home အစီအစဉ် အကျုံးဝင်သည့် မြို့နယ် ၄၄ မြို့နယ်ကို အကျုံးဝင်သည့် အစီအစဉ်မှ ပယ်ဖျက်ပေးလိုက်သည်။ ထိုသို့ပယ်ဖျက်ပေး လိုက် ခြင်းကြောင့် ထိုဒေသတွင်နေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွား ဘဝများ ပုံမှန်လည်ပတ်နိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်နိုင်ကြတော့မည်ဖြစ်သည်။ သို့ရာ တွင် ကိုဗစ်၁၉ ရောဂါသည်ကမ္ဘာပေါ်တွင် အလျှင်းမပျောက်သေးဘဲမြန်မာနိုင်ငံတွင် အချို့ဒေသ များ၌ ဖြစ်ပွားနေဆဲဖြစ်၍ ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို မစွန့်လွှတ်ဘဲ ဆက်လက်လိုက်နာကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ Stay at home အစီအစဉ်များကို ပယ်ဖျက်ပေးပြီးနောက်တွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက် များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ