ရွံ့ဖြင့် ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ်လုပ်ကိုင်သူများ ယခင်နှစ်များထက် ပိုမိုလုပ်ကိုင်လာရ

မန္တလေး ၂၉ ဇူလိုင် 

 


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တပ်ကြီးကျေးရွာတွင် ရွံ့ဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ် လုပ်ငန်း လုပ်ကိုင်သူများ ယခင်နှစ်များထက် ပိုမိုလုပ်ကိုင်လာရကြောင်း အိုးပုတ်လုပ်ကိုင်သူများထံမှ သိရသည်။

 


အမရပူရမြို့နယ် တပ်ကြီးကျေးရွာတွင် ရွံဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ်လေးများ၊ ရေအိုးများ၊ ဆီးမီးခွက်များ၊ စုဘူးများ စသည်တို့ကို အများဆုံးပြုလုပ်လေ့ရှိရာ လက်ရှိတွင် မန္တလေးမြို့၌ မကြာမီ ကျင်းပတော့မည့် အိုးပုတ်ပွဲတော်၊ ဘုရားပွဲတော်များနှင့် နတ်ပွဲတော်တွင် ရောင်းချနိုင်ရန် အိုးပုတ်ရုပ်ကလေး များကို ပြုလုပ်၍ စုဆောင်းနေကြပြီးဖြစ်ကြောင်း၊ အိုးပုတ်ရုပ်လေးမျာကို ပုံမှန်အားဖြင့် (၁၀) မျိုးလောက်သာ ပြုလုပ်သော်လည်း ပွဲတော်ရာသီများအတွက်  အိုးပုတ် အရုပ်ကလေးများကို (၁၈)မျိုး အထိ ပြုလုပ် ကြောင်း အိုးပုတ်လုပ်ကိုင်သူများထံက သိရသည်။

 


"'ခု အိုးပုတ်ပွဲတော်က အရင်လို မဟုတ်တော့ဘူး။  ကြီးကျယ်ပြီး နာမည်လည်း ကြီးနေပြီ။ အရင်ကထက်လည်း ပိုလုပ်ကိုင်လာရတယ်။ အရင်တုန်းက အိုးပုတ်ပွဲတော်ဆိုပြီး ဒီလိုမျိုး လူသိများ နာမည်မကြီးခဲ့ဘူး။ အိုးပုတ်ပွဲတော်ဆိုတာ ရှိတာပဲသိကြတယ်။ အဲတုန်းက အိုးပုတ်ဆိုမှ အိုးပုတ်ချည်းပဲ ရောင်းချတယ်၊ ခုလို အရုပ် ကလေးတွေ အဆန်းအပြားတွေ မပါခဲ့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆင်ရုပ်၊ နွားရုပ် လောက်ပဲ လုပ်ကိုင် ရောင်းချခဲ့တယ်။ ခုနောက်ပိုင်းကျ angry birds, bnana စတဲ့အမျိုးအမည် သုံး၊လေး ခုတိုးချဲ့ပြီး လုပ်ကိုင် လာကြတယ်"ဟု တပ်ကြီး ကျေးရွာရှိ ပန်းသဇင် မြေထည်ပစ္စည်း ရောင်းဝယ်ရေးမှ   ဒေါ်မာလာထွေး က ပြောသည်။

 


ယခင်က အိုးပုတ်ပွဲတော်၊ ဘုရားပွဲတော်များနှင့် နတ်ပွဲတော်တွင် ရောင်းချနိုင်ရန်အတွက် အိုးပုတ် လုပ်ကိုင်သူ များ ထံသို့  တစ်ဆင့် ပြန်လည်ရောင်းချမည့် သူများက မှာယူရာတွင် တစ်ဦးလျှင် အိုးပုတ်မျိုးစုံ အခု (၃၀ဝ၀ )၊ (၅၀ဝ၀) ထိသာ မှာယူရောင်းချရပြီး ယခုအခါတွင် တစ်ဆင့် ပြန်လည်ရောင်းချမည့် သူများက ပိုမိုမှာယူလာကြသဖြင့် အိုးပုတ်လုပ်ကိုင်သူများ အနေဖြင့် တစ်ဦးလျှင် အိုးပုတ်မျိုးစုံ ၁၅၀ဝ၀၊၂၀ဝ၀ဝ အထိ ပိုမိုလုပ်ကိုင် ရောင်းချလာရကြောင်း အိုးပုတ်လုပ်ကိုင်သူများထံက သိရသည်။

 


''ဒီနှစ်က နည်းနည်း အခက်အခဲရှိသွားတယ်။ မနှစ်က အိုးပုတ်ပွဲမတိုင်ခင် ရေမရှိတော့ လုပ်ရကိုင်ရ အဆင်ပြေ တယ်။ဒီနှစ်ကျ သွားခါနီး ရေတက်လာတော့ သွားလာရခက်ခဲတယ်၊ ရေကျသွားတော့ လုပ်မယ်ဆိုတော့ မိုးရွာတော့ လုပ်မရဘူး။ ထုတ်လုပ်မှုအပိုင်းမှာ ခါတိုင်းထက် လျော့ကျသွားတယ်။''ဟု တပ်ကြီးကျေးရွာရှိ ပန်းသဇင် မြေထည်ပစ္စည်း ရောင်းဝယ်ရေးမှ ဒေါ်မာလာထွေး က ပြောသည်။

 


အိုးပုတ်ရုပ်လေးများ၊ စုဘူးများ၊ ရေအိုးများ၊ ဆီမီးခွက်များ စသည့် တို့ကို ပြုလုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် တပ်ကြီးကျေးရွာ မြောက်ဘက်ရှိ ရွှေပေါ်ကျွန်အင်း၊ တပ်ကြီးကျေးရွာ တောင်ဘက်ရှိ မြစ်စုအင်း ၎င်း အင်း နှစ် အင်းမှ နွေရာသီရေကျသည့်အခါ မြေများကို နွားလှည်ယာဉ်များ၊ ထော်လာဂျီယာဉ်များဖြင့် တိုက်ယူ၍ အိမ်ထောင်တစ်ခုလျှင် လုပ်ငန်းအပေါ်မူတည်၍ နွားလှည်ယာဉ်များ၊ ထော်လာဂျီယာဉ် အခေါက်ရေ (၂၀)မှ (၅၀) အထိ ဝယ်ယူ၍ ကုန်ကြမ်းများကို လှောင်ထားကြပြီ ရာသီအလိုက် တန်းခူလတွင် အတာရေအိုး၊ ကဆုန်လတွင် ကဆုန်ညောင်ရေအိုး စသည့် ရာသီအလိုက် ရိုးရာဓလေ့ ပစ္စည်းများကို ပြုလုပ်၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရသည်။

 


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တပ်ကြီးကျေးရွာတွင်  ရွှံ့ဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ်လေးများ၊ ရေအိုးများ၊ ဆီမီးခွက်များ၊စူဘူးများ စသည့်တို့ကို ဒုတိယကမ္ဘာစစ်အပြီး အချိန်ကတည်းက စတင်ပြုလုပ် လာကျကြောင်း၊ တပ်ကြီးကျေးရွာတွင် အိမ်ခြေ (၃၅၀)ကျော် ရှိသည့် အနက် တစ်ဝက်ခန့်မှ အိုးပုတ်လုပ်ငန်း လုပ်ကိုင်ကြပြီး ကျန်တစ်ဝက် လောက်မှ တောင်သူ လုပ်ငန်း၊ စက်ယက္ကန်း၊ လက်ယက္ကန်း လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။   

 


ကိုမင်း(အင်းတော်)