ရပ်ရွာအေးချမ်းသာယာရေး ဝိုင်းဝန်းကြိုးပမ်း

နေပြည်တော် ၅ စက်တင်ဘာ

ယခုကာလတွင် ရပ်ရွာဒေသများ၌ ဒုစရိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွား ခဲ့သည်ကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။ မြို့ပြများတွင် မကြာခဏဖြစ်ခဲ့သလို ရပ်ရွာများတွင်လည်း ဖြစ်ခဲ့ကြသည်။ ရပ်ရွာနေ ပြည်သူများအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာ အနိဋ္ဌာရုံများကို မြင်တွေ့ကြားသိကြရသောကြောင့် စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ကြပေလိမ့်မည်။

အမှန်တကယ်တွင် ဒုစရိုက်မှုများမှာ ရှေးယခင်ကာလများကလည်း ဖြစ်ပွားလေ့ရှိပြီး ယခုကာလတွင်မူ လူမှုကွန်ရက်စာမျက်နှာများ အလွယ်တကူပျံ့နှံ့မှုကြောင့် ဒုစရိုက်မှုများကို ပြည်သူများ ပိုမိုသိရှိလာကြခြင်းဖြစ်သည်။ ဒုစရိုက်မှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းများစွာ ရှိသည့်အနက် အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးခက်ခဲမှု၊ ဗြဟ္မစိုရ်တရား ခေါင်းပါးမှုတို့ကြောင့်ဟု ဆိုသည်ထက် ဒုစရိုက်မှုကိုဖြစ်ပွားစေရန် တွန်းအားဖြစ်စေသော သရုပ်ပြမှုများနှင့် အရက်သေစာသောက်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့သည် အဓိကကျသည်ဟု ဆိုနိုင်သည်။

ဒုစရိုက်မှုများ သိသာထင်ရှားစွာ ဖြစ်ပွားနေခြင်းသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လာခြင်းဖြစ်သည်။ ယင်းပြဿနာကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဆောင်ရွက်ကြလျှင် ဒုစရိုက်မှုများ လျော့ကျနိုင်သည်။ ပြဿနာရှိလျှင် အဖြေရှိသည်ဆိုသကဲ့သို့ ဖြစ်ပွားရသည့် အကြောင်းအရင်းကို စနစ်တကျ လေ့လာဖော်ထုတ်ရန် အရေးကြီးသည်။ ပြဿနာဖြစ်မှ ဖြေရှင်းမည်ဆိုခြင်းထက် ပြဿနာမဖြစ်မီ ပြဿနာ ဇာစ်မြစ်ကို မှန်ကန်စွာ ရှာဖွေဖော်ထုတ်နိုင်ပါမှ မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် အရက်သေစာများကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ခြင်းသည် ရပ်ရွာ အေးချမ်းသာယာရေးကို ပျက်စီးစေနိုင်သည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် တာဝန်ရှိသူများမှာ ရပ်ရွာအုပ်ချုပ်သူများနှင့် လုံခြုံရေးတာဝန်ရှိသူများ ဖြစ်ကြသော်လည်း ကြီးမားကျယ်ပြန့်ပြီး လူဦးရေထူထပ်သော မြို့ပြများတွင် ဝန်နှင့်အားမမျှ၍ အခက်အခဲရှိနိုင်သည်။ အမှန်တကယ်တွင် မိမိတို့ရပ်ရွာဒေသ လုံခြုံအေးချမ်းရေးအတွက် ရပ်ရွာဒေသတွင် နေထိုင်ကြသော ပြည်သူများတွင်လည်း တာဝန်ရှိသည်ဟုဆိုချင်သည်။

ဒုစရိုက်မှုများ မဖြစ်ပွားအောင် ကြိုတင်တားဆီးရေး၊ ဖြစ်ပွားလာလျှင်လည်း လုံခြုံရေး၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ လက်တွဲ ပူးပေါင်းတားဆီးရေးသည် အလွန်လိုအပ်သည့်အချက်ပင်ဖြစ်သည်။ သာဓကအားဖြင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများအား အရေးယူနိုင်ရန် ပြည်သူလူထု သတင်းပေး တိုင်ကြားမှုဖြင့် အရေးယူမှုများ၊ မြို့ရွာများတွင် အတင့်ရဲစွာဖြင့် ခိုးဆိုးလုယက် သတ်ဖြတ်သူများအား ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတားဆီးကြသည်မှာ ကောင်းမွန်သည့် လက္ခဏာဖြစ်သည်။

ပြဿနာတစ်ခုကို မဖြစ်မီက ကြိုတင်တားဆီးကာကွယ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းငှက်စီမံချက်၊ လင်းယုန်စီမံချက်တို့ကဲ့သို့ ဒုစရိုက်သမားများကို ရှာဖွေဖော်ထုတ်တားဆီးခြင်း၊ မူးယစ်ဆေးဝါးသတင်းများကိုရယူပြီး ဖြန့်ဖြူးရောင်းချသူများကို ရှာဖွေဖမ်းဆီးခြင်းတို့အပြင် အရက်သေစာရောင်းချခြင်းတို့ကိုလည်း အချိန်အခါ နေရာဒေသအလိုက် စည်းကမ်းစနစ်ကျနစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးကိုလည်း ထိန်းသိမ်းပေးသင့်သည်။

ထို့အပြင် ကိုယ်ကျင့်တရားစောင့်ထိန်းရေး၊ ဒုစရိုက်မှုကို တွန်းအားပေးသော ဖျော်ဖြေတင်ပြမှုများကိုလည်း သတိထားလုပ်ကိုင်ကြရန် အရေးကြီးသည်။ သို့ဖြစ်ရာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံအတွက် အထူးအရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ ထိုအရေးများကို သက်ဆိုင်ရာ မြို့ရွာအုပ်ချုပ်သူ၊ လုံခြုံရေးတာဝန်ယူသူများက ဦးဆောင်၍ ပြည်သူလူထု ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန် အရေးတကြီး လိုအပ်နေပါကြောင်း။

ကြေးမုံ