ရပ်ရွာအကျိုးအစဉ်သယ်ပိုး ပြည်သူ့အကျိုးဆောင်

၆  ဇွန်

အိမ်ထောင်စုများ စုပေါင်းနေထိုင်ကြသဖြင့် ရပ်ကွက်၊ ကျေးရွာများဖြစ်ပေါ် လာသည်။ ရပ်ကွက်၊ ကျေးရွာတို့ စုပေါင်းဖွဲ့စည်းထားသဖြင့် မြို့၊ ခရိုင်၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံတော်တို့ ပေါ်ပေါက်လာရသည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံအတွက် အခြေခံအကျဆုံးမှာ ရပ်ကွက်၊ ကျေးရွာများ ဖြစ်သည်။ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက် သာယာအေးချမ်းရေးတွင် ရပ်ရွာနေပြည်သူ များမှာအဓိကကျ၍ ရပ်ရွာအတွင်း ပြည်သူများ စည်းလုံးညီညာစွာဖြင့် တက်ကြွစွာပူးပေါင်းပါဝင်လာကြစေရန် အသင်းအဖွဲ့များ၏ စည်းရုံးလှုံ့ဆော်ခြင်းသည် အလွန်ကျေးဇူးများသည့် လုပ်ငန်းဖြစ်သည်။

မျက်မှောက်ကာလတွင်ရပ်ရွာဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အဓိကတာဝန်ရှိကြသူများမှာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်သူများနှင့် ရပ်မိရပ်ဖများဖြစ်ကြသည်။ ယခုအခါတွင် ရပ်ရွာဒေသ များ၌ လူဦးရေတစ်နေ့တခြားတိုးပွားနေသဖြင့် များပြားလာသောလူဦးရေနှင့် ရပ်ရေး၊ ရွာရေးတို့ကို ဖိဖိစီးစီးလုပ်ကိုင်နိုင်ရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ထို့ကြောင့် ရပ်ရွာအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ရန် အတွက် ရပ်ရွာအတွင်းမှ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းအင်အားများ လိုအပ်လာသည်။

အရေးကြုံလျှင် လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှာ ရှေ့တန်းမှနေ၍ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်ကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရသည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် ယခုကဲ့သို့ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရစဉ်ကာလတွင် ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းများတွင် အလွန်အရေးပါသည်။ ရပ်ရွာအေးချမ်းရေးအတွက် မိမိတို့ ရပ်ရွာကိုကာကွယ်စောင့်ရှောက်ပေးရန်နှင့်ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ဆောင်ရွက်နေသည်ကို တွေ့ရသည်အညီ တက်တက်နှင့် ရပ်ရွာနေ ပြည်သူများပူးပေါင်းပါဝင်လာရန် ဦးဆောင်ဦးရွက်ပြုကြရသည်။

မျက်မှောက်ကာလ ကပ်ရောဂါဘေးနှင့်ကြုံတွေ့နေရစဉ်တွင် ရပ်ရွာ နေပြည်သူများ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါဘေးကို ကာကွယ်ဆောင်ရွက်နေစဉ်တွင် ရာသီကာလအလိုက် အထူးသဖြင့် ကလေး ငယ်များတွင် ဖြစ်ပေါ်တတ်သောရောဂါများ ကာကွယ်ရေးအတွက် ပုံမှန် ဆေးထိုးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဒေသန္တရ အုပ်ချုပ်ရေး၊ ရပ်ရွာအုပ်ချုပ်ရေးနှင့်အတူ စေတနာ့ဝန်ထမ်းများက ထုတ်ပြန် ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် အောင် စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ကာကွယ်ဆေးထိုးကြမည့် ဒေသအလိုက်၊ နေ့အလိုက်စုရပ်များတွင် ကလေးစာရင်းပြုစုရေး၊ ကာကွယ်ဆေး မထိုးခဲ့ရသော ကလေးတစ်ယောက် မကျန်နှင့် ပြင်ပမှရောက်ရှိလာသော ကလေးများလည်းပါဝင်စေရန် ကူညီ စာရင်းကောက်ခြင်း၊ ပြုစုခြင်းတို့ကို ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆေးထိုးစုရပ်များတွင် ကလေးငယ်များနှင့် မိဘအုပ်ထိန်းသူများ စနစ်တကျ။ စည်းကမ်းတကျ ပါဝင်ဆောင်ရွက်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကာလအတွင်း ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အဟန့်အတားမဖြစ်စေရေး ပါဝင်ကူညီရမည် ဖြစ်သည်။ အသိပညာပေးနှိုးဆော်ချက်များကို အများ မြင်သာရာတွင် အသိပေးစေခြင်း၊ ကာကွယ်ဆေးထိုးရန်အတွက်လာရောက် ရမည့်အချိန်နှင့်နေရာတို့ကို ကြိုတင်အသိပေးခြင်း စသည်တို့အား ဆောင်ရွက်ရမည်ဖြစ်သည်။

ကာကွယ်ဆေးနှင့်ပတ်သက်၍လည်းကောင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍လည်းကောင်း ကောလာဟလမမှန်သတင်းများရှိပါက သက်ဆိုင်ရာသို့ချက်ချင်းအသိပေးကြရမည် ဖြစ်သည်။ ကာကွယ်ဆေးထိုး စုရပ်တစ်ခုတွင် အုပ်ချုပ်သူတစ်ဦး၊ စေတနာ့ဝန်ထမ်းတစ်ဦးရှိရမည်ဖြစ်ပြီး ကလေး ၅၀ ပြည့်လျှင် နောက်ရက်သို့ချိန်းဆိုခြင်း၊ လူစုလူဝေးမဖြစ်အောင် သတိပြုလိုက်နာဆောင်ရွက်စေခြင်း၊ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာ စေရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေး ခြင်း စသည့်ကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရပ်ရေး၊ ရွာရေးတို့ကိုဆောင်ရွက်ရာတွင် ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာအတွင်းမှ စေတနာ့ဝန်ထမ်းများက ရပ်ရွာနေပြည်သူများအတွက် တက်တက်ကြွကြွ အလေးအနက်ထား ဆောင်ရွက်ပေးနိုင်ရန် အထူးလိုအပ်သည်ဖြစ်ရာ အစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တို့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် အညီရပ်အကျိုး၊ ရွာအကျိုး၊ ပြည်သူလူထုအကျိုးများ တိုးပွားစေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။

ကြေးမုံ