ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင် မေ ၁၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၃ ရက် နံနက်ပိုင်းက အရှေ့မြောက်ရပ်ကွက်ရှိ အောင်မြေဗောဓိသာသာနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်အတွင်း အရေးပေါ်ရွေ့ပြောင်းထားသော Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကမ်းနီးကျေးရွာများအား ကြိုတင်ပြောင်းရွှေ့ဆောင်ရွက်မှုများအတွက် ဖွဲ့စည်းထားသည့် အဖွဲ့များက တစ်နာရီခြား သတင်းတင်ပြကြရန်၊ မြို့နယ်ပြန်/ဆက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် သတင်းများကို အချိန်နှင့်တစ်ပြေးညီ နှိုးဆော်ဆောင်ရွက်ကြရန်၊ တာဝန်အသီးသီးခွဲဝေကာ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ရသေ့တောင်(ပြန်/ဆက်)