ရတနာပုံခေတ် စက်မှုလက်မှုလုပ်ငန်းများ

၁၃  ဇွန်

သမားရိုးကျ လယ်ယာစိုက်ပျိုးရေးနှင့် ယင်းကိုအခြေခံသော အိမ်တွင်းလက်မှု လုပ်ငန်းများဖြင့် သာယာဝပြော စည်ပင်နေခဲ့သော မြန်မာနိုင်ငံအဖို့ နိုင်ငံ့ဧရိယာ ထက်ဝက်ခန့်မျှဖြစ်သော ရခိုင်၊ တနင်္သာရီနှင့် မြစ်ဝကျွန်း ပေါ် ဒေသတို့မှာ ၁၈၅၂ ခုနှစ်တွင် ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်သွားခဲ့သည်။ မင်းတုန်းမင်း နန်းတက်လာသောအချိန်တွင် မြန်မာနိုင်ငံသည် ချင်း၊ ကချင်၊ ရှမ်းတောင်တန်းဒေသများနှင့် ဧရာ၀တီမြစ် အလယ်ပိုင်း သရက်မြို့နယ်ခြား ကျောက်တိုင်အထိမျှသာ ကျယ်ဝန်းတော့သည်။ ဆန်ရေစပါးပေါများသော မြစ်၀ ကျွန်းပေါ်ဒေသသည်လည်းကောင်း၊ ပြည်ပနှင့် ဆက်သွယ်နိုင်သော ဆိပ်ကမ်းမြို့များသည်လည်း ကောင်း ဗြိတိသျှတို့ပိုင်နက် ဖြစ်သွားခဲ့သည်။ ရတနာပုံခေတ် မြန်မာနိုင်ငံသည် ကုန်းတွင်းပိုင်းဒေသမျှသာဖြစ် နေပြီး အထက်အောက် စုန်ဆန်ကူးသန်းသွားလာနိုင်သည့် တစ်ခုတည်းသော ရေကြောင်းလမ်းဖြစ်သည့် ဧရာ၀တီမြစ်ကြောင်းကိုပင် တစ်ဝက်မျှသာ ပိုင်ဆိုင် တော့သည်။

ဗြိတိသျှတို့လက်အောက် ကျရောက်ပြီးနောက် အောက်မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးရေးက များစွာ တိုးတက်လာကာ နိုင်ငံခြားသို့ ဆန်စပါးနှင့် ကျွန်းသစ် တင်ပို့ရောင်းချရေးလုပ်ငန်းက ကြီးထွားလာခဲ့သည်။ ထိုရောင်းဝယ်ရေးလုပ်ငန်းများကို စတီးဘရားသား၊ မက္ကရေးကား၊ ဘီဘီတီစီ၊ တော့ဖင်ဒလေ စသော နိုင်ငံ ခြားသား အရင်းရှင်ကုမ္ပဏီများက ချုပ်ကိုင်လုပ်ဆောင် ကြတော့သည်။ ဆန်စက်နှင့် သစ်စက်များကိုလည်း တည်ထောင်ကာ ကြိတ်ခွဲသည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။

စတင်ထူထောင်

ဤတွင် မြန်မာဘုရင်ပိုင် အထက်မြန်မာနိုင်ငံသည် လည်း သမားရိုးကျစီးပွားရေးစနစ်၊ သမားရိုးကျ လုပ်ငန်း များနှင့် တင်းတိမ်နေ၍ မရနိုင်တော့ပေ။ ခေတ်မီတိုးတက်သော နိုင်ငံတစ်ခုဖြစ်အောင် စတင်ကြိုးပမ်း ရတော့သည်။ သို့ဖြစ်ရကား ရတနာပုံ နေပြည်တော်ကို တည်ထောင်စိုးစံသော မင်းတုန်းမင်းနှင့် ထီးနန်း ဆက်ခံသော သားတော် သီပေါမင်းတို့၏ နန်းစံကာလ နှစ်ပေါင်း ၃၀ ကျော်ကို ရတနာပုံခေတ်၊ တိုးတက် ပြောင်းလဲရန် ကြိုးပမ်းသော ခေတ်၊ စက်မှုလုပ်ငန်းများ စတင်ထူထောင်သောခေတ်ဟု သတ်မှတ်ကြသည်။

ရတနာပုံခေတ်တွင် စက်မှုလုပ်ငန်းများကို မြေစမ်း ခရမ်းပျိုး စတင်ထူထောင်စဉ်ကခေတ်မီနိုင်ငံတော် ဖြစ်လာ ရေးကိုရှေးရှုသည်ဟု ယေဘုယျအားဖြင့် ဆိုရသော်လည်း အဓိကအားဖြင့် အချုပ်အခြာအာဏာပိုင်လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် အလွန်နီးကပ်နေသော နယ်ချဲ့ရန်မှ ခုခံကာကွယ်ထိန်းသိမ်းနိုင်ရေးကို ဦးတည်ခဲ့သည်။ ထို့ကြောင့်ပင် စက်မှုလုပ်ငန်းများ ထူထောင်ရေးကို ဦးတည်ဆောင်ရွက်ခဲ့သော အိမ်ရှေ့စံ ကနောင်မင်းသားသည် ခေတ်မီလက်နက်စက်ရုံများ တည်ထောင်ရေးကို ဦးစားပေးခဲ့သည်။

ရတနာပုံခေတ်တွင် တည်ထောင်ခဲ့သော စက်ရုံ အရေအတွက် ၅၀ ကျော်မျှ ရှိခဲ့သည်။ ဒင်္ဂါးစက်ရုံ၊ ရက်ကန်းစက်ရုံ၊ ဆန်ကြိတ်စက်ရုံ၊ လွှစက်ရုံ၊ သင်္ဘော စက်ရုံ၊ သကြားစက်ရုံ၊ မဲနယ်စက်ရုံနှင့် အမြောက်သေနတ် လုပ်စက်ရုံများ ပါဝင်ခဲ့သည်။ ထိုစဉ်က စက်မှုထွန်းကား နေပြီဖြစ်သော နိုင်ငံများတွင် ဆန်စက်၊ ရက်ကန်းစက်၊ လွှစက်၊ သကြားစက် စသည်တို့မှာ ပြည်သူတို့၏ စားဝတ် နေရေးဆိုင်ရာ ကုန်ပစ္စည်းများကိုပါ ပေါပေါများများ ထုတ်လုပ်ပေးနိုင်ရေးနှင့် စီးပွားဖြစ်ရောင်းချနိုင်ရေး တို့အတွက် တည်ထောင်သော စက်များဖြစ်ကြသည်။ ရတနာပုံခေတ်တွင် တည်ထောင်ခဲ့သော စက်များသည်ကား ထိုအဆင့်သို့ မရောက်ခဲ့ကြပေ။

အကျိုးအမြတ်များစွာရှိ

အောက်မြန်မာနိုင်ငံတွင် ဆန်စပါးရောင်းဝယ်ရေးက တိုးတက်လာသဖြင့် ဥရောပတိုက်သားနှင့် တရုတ်၊ အိန္ဒိယကုန်သည်ကြီးများက ဆန်စက်၊ သစ်စက်များကို တည်ထောင်ခဲ့ကြသည်။ ၁၈၈၁ ခုနှစ်က ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံတွင် ဆန်စက်ပေါင်း ၄၉ လုံး ရှိနေပြီဖြစ်ပြီး နိုင်ငံခြားသို့ ဆန်တင်ပို့ရောင်းချမှု အလွန် ဖြစ်ထွန်းကာ အကျိုးအမြတ်များစွာ ရရှိချိန်ဖြစ်သဖြင့် အချို့ဆန်စက်များတွင် လျှပ်စစ်မီးများထွန်းပြီး ၂၄ နာရီပတ်လုံးလည်ပတ်ကာ ကြိတ်ခွဲနေကြပြီ ဖြစ်သည်။

ရတနာပုံနေပြည်တော်၌ တည်ထောင်ခဲ့သော ဆန်စက်မှာကား အများပြည်သူသုံး မဟုတ်သကဲ့သို့ စီးပွားရေး လုပ်ငန်းလည်း မဟုတ်ပေ။ မင်းတုန်းမင်းသည် ရတနာပုံ နေပြည်တော်တွင် အခြားခေတ်မီစက်များနှင့်အတူ ဆန် စက်တစ်လုံးကိုပါ တည်ထောင်ခဲ့ပြီး ထိုဆန်စက်တွင် ဘုရင်၏ စပါးများကိုသာ ကြိတ်ခွဲရသည်။ ထိုစဉ်က မန္တလေးနှင့် အမရပူရတို့တွင် ဘုရင်ကဆန်လှူဒါန်းသော ကျောင်းတိုက်ပေါင်း ၂၁၇ တိုက်ရှိခဲ့သည်။ ကျောင်းတိုက်များအတွင်းရှိ ကျောင်းပေါင်း ၁၄၄၂ ကျောင်းတွင် ရဟန်းသာမဏေ စုစုပေါင်း ၁၅၃၆၆ ပါး ရှိရာ လစဉ်ဆန်တင်းပေါင်း ၂၀၄၅၂ တင်းကို လှူဒါန်းခဲ့သည်။ ထိုသို့ လှူဒါန်းရန်အတွက် ဆန်များကို ဘုရင့်ဆန်စက်မှ ကြိတ်ခွဲပေးရခြင်း ဖြစ်သည်။ တိုင်းသူ ပြည်သားတို့မှာ သမားရိုးကျနည်းဖြင့်သာ ကြိတ်ခွဲထောင်းဖွပ်မြဲအတိုင်း လုပ်ဆောင်ကြရပြီး ဆန်စက် တည်ထောင်မှုကြောင့် ထူးခြားသောပြောင်းလဲမှု တစ်စုံ တစ်ရာမရှိခဲ့ပေ။

ပြည်ပသို့တင်ပို့ရောင်းချ

မြန်မာနိုင်ငံသည် အဖိုးတန်သစ်များထွက်သော နိုင်ငံဖြစ်သည်။ ဗြိတိသျှတို့ပိုင်သော အောက်မြန်မာနိုင်ငံတွင် ၁၈၈၀ ပြည့်နှစ်ခန့်က သစ်ထုတ်လုပ်တင်ပို့ ရောင်းချမှုလုပ်ငန်းက လွန်စွာတိုးတက်ကြီးထွားလာသည်။ နိုင်ငံခြားသား အရင်းရှင်ကြီးများက သစ်လုပ်ငန်းကိုချုပ်ကိုင်ကာ ရန်ကုန် နှင့်မော်လမြိုင် ဆိပ်ကမ်းများမှတစ်ဆင့် ပြည်ပသို့တင်ပို့ ရောင်းချခဲ့ကြသည်။ ရန်ကုန်၊ မော်လမြိုင်နှင့် ဆိပ်ကမ်း မြို့ကြီးများ၌ သစ်စက်များကို တည်ထောင်ခဲ့ကြသည်။ ၁၈၈၄- ၈၅ ခုနှစ်က ရန်ကုန်နှင့် မော်လမြိုင်ဆိပ်ကမ်းတို့မှ တစ်ဆင့် သစ် ၁၄၇၉၈၇ တန်ကို ကျပ်ငွေ ၁၃၄၁၈၇၈၀ ဖြင့် ထုတ်ရောင်းခဲ့သည်။

မြန်မာဘုရင်ပိုင် အထက်မြန်မာနိုင်ငံရှိ သစ်တောများ ကိုမူ မင်းတုန်းမင်းက ဦးမွန်ထော်၊ မစ္စတာဝေါကာ၊ ဘီဘီ တီစီကုမ္ပဏီ၊ မက္ကရေးကားကုမ္ပဏီ စသည်တို့အား အငှားချထားခဲ့သည်။ နောက်ပိုင်းတွင် သစ်လုပ်ငန်းမှရရှိမည့် အကျိုး အမြတ်များကို သိမြင်သဖြင့် ၁၈၇၂ ခုနှစ်ခန့်တွင် မန္တလေး မြို့တော်အနောက်မျက်နှာ ပုဏ္ဏားကုန်းသုသာန် အနောက် မြောက်ယွန်းယွန်း သင်္ဂဇာချောင်း အရှေ့ဘက်ကမ်း၊ ယခုစီလမ်းအဆုံးနေရာတွင် ဘုရင်က လွှစက်တစ်ခုကို တည်ထောင်ခဲ့သည်။ လွှစက်ရုံ၌ လွှထောင်၊ လွှဝိုင်းနှင့် လွှစက်အမျိုးမျိုးအပြည့်အစုံရှိသည့်အပြင် လွှသွေးစက်ကို လည်း အရန်သင့် ထားရှိပေးထားသည်။ ဆလင်ဒါနှစ်လုံးပါသော မြင်းကောင်ရေ ၄၀ အား အင်ဂျင်စက်တပ်ဆင် ထားရာ ထိုအင်ဂျင်မှာ နယူးကပ်စတယ်မြို့ အက်ဘော့အင် ကုမ္ပဏီကထုတ်လုပ်သောစက် ဖြစ်သည်။ စက်ရုံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် အခြေအနေကို မသိရှိရသော် လည်း သစ်ရောင်းဝယ်ရေးမှာ အလွန်အရေးပါချိန်ဖြစ်သဖြင့် အကျိုးဖြစ်ထွန်းခဲ့သည်ဟု ယူဆရသည်။ မင်းတုန်းမင်းသည် ၁၈၇၃ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပဲခူးလွှစက်ကို အဖိုးငွေကျပ် ၉၀၀၀၀ ပေး၍ ထပ်မံဝယ်ယူခဲ့သည်ကို ထောက်ရှု၍ လွှစက် လုပ်ငန်းအောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

စားသုံးမှုများလာ

မြန်မာတို့သည် ရှေးအစဉ်အဆက်ကပင် ထန်းရည်မှ ထန်းလျက်ချက်လုပ်တတ်ပြီး ကြံရည်မှ ကြံသကာကိုလည်း ချက်လုပ်တတ်ခဲ့ကြသည်။ ပြည်ပနိုင်ငံများနှင့် ဆက်သွယ်မှု များလာသော ကုန်းဘောင်ခေတ်လယ်ခန့်တွင် သကြား ဖြူကို သိလာသကဲ့သို့ မင်းစိုးရာဇာပိုင်းက သကြားဖြူစားသုံး မှု များလာခဲ့သည်။ ဗဒုံမင်းလက်ထက်က အမရပူရတွင် အခြေစိုက်နေထိုင်ခဲ့ကြသော တရုတ်လူမျိုးများက သကြားချက်လုပ်ကြရာ မြန်မာတို့ကလည်း အတုယူလုပ်ကိုင် ခဲ့ကြကြောင်း၊ ဘင်္ဂလားမှလာသော သကြားကဲ့သို့ပင် ဖြူဖွေးနေကြောင်း စသည်ဖြင့် နိုင်ငံခြားသားမှတ်တမ်း တချို့တွင် တွေ့ရှိခဲ့ရသည်။

ရတနာပုံခေတ်တွင်မူ မန္တလေးမြို့ အနောက်မျက်နှာ မြို့ကြီးပြင် ပိုက်ကျုံးတံခါးအထွက် လက်ဝဲဘက်၊ ယခု သစ်တောရုံးရှိသော နေရာတွင် သကြားစက်တစ်လုံးကို တည်ဆောက်ခဲ့သည်။ သကြားချက်စက်၊ သကြားဖြူ ချွတ်စက်များကို အင်္ဂလန်နိုင်ငံမှ မှာကြားဝယ်ယူခဲ့ရာ ၁၈၇၁ ခုနှစ် ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်းက ရောက်ရှိ လာသဖြင့် ထိုနှစ်တွင်ပင် တည်ထောင်ဆောက်လုပ် ပြီးစီး သည်ဟု ယူဆရသည်။ ၁၈၇၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ သည်ဟု ခန့်မှန်းရသော်လည်း မည်မျှထုတ်လုပ်နိုင်စွမ်း ရှိခဲ့ကြောင်းကိုမူ မသိရပေ။ ဥရောပတိုက်သားအတတ် ပညာရှင် အာသာကိုးက စက်ရုံကို ဦးစီးလုပ်ကိုင်ခဲ့ရာမှ ၁၈၇၄ ခုနှစ်တွင် ဥရောပတိုက်သား စက်ဆရာများကို တာဝန်မှ ရပ်စဲလိုက်သဖြင့် စက်ရုံလည်ပတ်မှု ထိခိုက်ခဲ့လိမ့် မည်ဟု မှန်းဆရသည်။ ရတနာပုံသကြားစက်သည်လည်း ပြည်သူတို့အတွက် အရေးပါသော၊ ထူးခြားပြောင်းလဲစေ နိုင်သော စက်မှုလုပ်ငန်းတစ်ခု မဟုတ်ခဲ့ဟု ခန့်မှန်းရသည်။

လွှစက်၊ သကြားစက်နှင့် ဆန်စက်များသည် အိမ်ရှေ့စံ ကနောင်မင်းသား လုပ်ကြံခံရပြီးသည့်နောက်ပိုင်း ၁၈၇၂ ခုနှစ်ဝန်းကျင်ခန့်တွင် တည်ထောင်သောစက်များဟု ဆိုရ မည်ဖြစ်သည်။ လက်နက်စက်ရုံများ၊ ဒင်္ဂါးစက်ရုံ၊ သင်္ဘော စက်ရုံများကိုမူ ကနောင်မင်းသားက ကိုယ်တိုင်ဉာဏ်စွမ်း ရှိသရွေ့ စီစဉ်ဆောင်ရွက်တည်ထောင်ခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေး ဦးတည်ချက်ကလည်းရှိခဲ့သဖြင့် စက်ရုံများ မှာ မျှော်မှန်းသည့်အတိုင်း အထိုက်အလျောက် အောင်မြင်ခဲ့ကြသည်။

ပညာတော်သင်စေလွှတ်

ခေတ်မီစက်ရုံများကိုတည်ထောင်လည်ပတ် ထုတ်လုပ်နိုင်ရန် ကျွမ်းကျင်သူများနှင့် ပညာရှင်များကို လိုအပ်သည်။ ထို့ကြောင့်ပင် ကနောင်မင်းသားသည် စက်ရုံများကို တည်ထောင်ရန် စတင်ကြိုးပမ်းခြင်းနှင့် တစ်ပြိုင်တည်း မှာပင် မြန်မာလူငယ်များအား အနောက်နိုင်ငံများသို့ ပညာတော်သင်စေလွှတ်ခဲ့သည်။

၁၈၆၃ ခုနှစ်ခန့်မှစတင်၍ ပညာတော်သင်များကို အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံများသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် မောင်မြူး၊ မောင်ရွှေအိုး၊ မောင်အောင်သူတို့ကို ပြင်သစ်သို့စေလွှတ် ခဲ့သည်။ ထိုအချိန်တွင် ယခင်ကတည်းက ပြင်သစ်သို့ စေလွှတ်ထားခဲ့ဟန်တူသော မောင်ထွန်းအောင်နှင့် မောင်ညွန့်တို့မှာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာ ကြပြီဖြစ်သည်။ မောင်မြဲနှင့်မောင်တရုတ်ဖြူ တို့သည် ၁၈၆၉ ခုနှစ်တွင် အင်္ဂလန်သို့သွားရောက်၍ ဝူးလ်ဝိခ်ျ လက်နက်တိုက်တွင် ယမ်းသေနတ်၊ တူဆန်လုပ်နည်း များကို ၁၈၇၄ ခုနှစ်အထိ သင်ယူခဲ့ကြရသည်။ အိန္ဒိယ နိုင်ငံ ကာလကတ္တား(ကိုလ်ကတ္တား)မြို့သို့ ၁၈၆၉ ခုနှစ်က စေလွှတ်ခဲ့သော မောင်ကြံသီး၊ မောင်သာထူး အစရှိသော လူငယ် ၂၀ တို့သည် ကော့စီပူရ်သေနတ်လုပ်စက်ရုံနှင့် ဖို့ဒ်ဝီလျံလက်နက်တိုက်တို့တွင် သေနတ်အမြောက်မှစ၍ လက်နက်ကိရိယာနှင့် သက်ဆိုင်သော အလုပ်များကို သင်ယူခဲ့ကြသည်။

ထို့ပြင် ၁၈၇၂ ခုနှစ်က ပညာတော်သင် မောင်သာ ထား၊ ပန်းပဲခေါင်းမောင်ခက်၊ လက်ဖက်ရည်တော် မောင်ဘိုးခြုံ၊ မောင်စီတို့ကိုလည်း အီတလီသို့ စေလွှတ်ခဲ့ သည်။ အလားတူပင် မောင်ထွန်းလင်း၊ မောင်အင်းတို့အား ပြင်သစ်သို့လည်းကောင်း၊ မောင်အုန်းပွင့်၊ မောင်ဘအို၊ မောင်ကံထူးနှင့် မောင်ထွန်းဦးတို့အား အီတလီနိုင်ငံ တူရင်းမြို့သို့လည်းကောင်း စေလွှတ်ခဲ့သည်။ ၁၈၇၄ ခုနှစ်နှင့် ၁၈၇၆ ခုနှစ်များတွင် ဘင်္ဂလားသို့လည်းကောင်း၊ အီတလီ သို့ လည်းကောင်း ထပ်မံစေလွှတ်သူများလည်း ရှိသေး သည်။ သီပေါမင်းလက်ထက်ကဟု ယူဆရသော ပညာတော်သင် လူစာရင်းပုရပိုက်တွင် နိုင်ငံခြား၌ ရှိရင်း လူ ၁၆ ဦးနှင့် အသစ်စေလွှတ်သူ ၁၆ ဦးတို့ကို မိဘအမည်၊ အသက်တို့နှင့်တကွ တွေ့ရှိရသည်။ လူသစ် ၁၆ ဦးမှာ အလွန်ငယ်ရွယ်သူများဖြစ်ကြပြီး အငယ်ဆုံးက ၁၀ နှစ်၊ အကြီးဆုံးက ၁၇ နှစ် ဖြစ်ကြသည်။

စေလွှတ်ခဲ့

မြန်မာနိုင်ငံတော်အတွင်း၌ စက်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန်အတွက် ကျွမ်းကျင်သူပညာရှင်များ လိုအပ်ကြောင်းကို မင်းမှူးမတ်တို့ကပါ သဘောပေါက်ခဲ့ ကြသောကြောင့် ပညာတော်သင်များကို ၁၈၆၃ ခုနှစ် ခန့်ကတည်းကပင် စေလွှတ်ခဲ့သည်။ စတင်ပျိုးထောင် သော အိမ်ရှေ့စံကနောင်မင်းသား နတ်ရွာစံပြီးသည့် နောက်ပိုင်းတွင်လည်း စေလွှတ်မှုက ရပ်ဆိုင်းမသွားဘဲ သီပေါမင်းလက်ထက်အထိ စေလွှတ်ခဲ့သည်ဟု ယူဆရ သည်။ အများစုကိုမူ မင်းတုန်းမင်းနန်းစံသည့် နှစ်များ အတွင်းက စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုခေတ်အခါ၏ အခက်အခဲများကြားကပင် မြန်မာပညာတော်သင်အချို့သည် နိုင်ငံခြားသိပ္ပံကျောင်းများ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည်။ ပြင်သစ်ပညာတော်သင် မောင်ရွှေအိုးနှင့် မောင်မြူးတို့မှာ ဖန်ချက်အတတ်၊ မဲနယ် ချက်လုပ်နည်းအတတ်နှင့် ဓာတုဗေဒကျမ်းထွက် ဓာတ်ရည်အမျိုးမျိုး ချက်လုပ်နည်းအတတ်များကို ထူးချွန်စွာတတ်မြောက်ခဲ့ကြသည်။ ကာလကတ္တား (ကိုလ်ကတ္တား)ရှိ ကော့စီပူရ်နှင့် ဖို့ဒ်ဝီလျံ လက်နက်တိုက် တို့တွင် ပညာသင်ယူခဲ့သူ လူငယ်များကလည်း အင်ဖီး ရိုင်ဖယ် လုပ်တတ်သည်အထိ တတ်မြောက်ခဲ့ကြသည်။ ၁၈၇၄ ခုနှစ်တွင် ဘင်္ဂလားသို့စေလွှတ်ခဲ့သူ ပညာတော် သင်များသည် စံဇေဘီရကျောင်း၌ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားများကို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ် အောင် သင်ကြားကြပြီးနောက် စက်မှုကျောင်း၌ စက်မှု အတတ်ပညာ၊ စစ်ဘက်ဆိုင်ရာအတတ်ပညာ၊ တရား ဓမ္မသတ် ဥပဒေပညာများကို သင်ယူတတ်မြောက်ခဲ့ကြ သည်။

ရတနာပုံစက်ရုံများကို ၁၈၅၈ ခုခန့်က စတင်တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရပြီး စက်ရုံများ တည်ဆောက်ရန်နှင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူ ရန်တို့ကိုမူ အိမ်ရှေ့စံကနောင်မင်းသားအနေဖြင့် ၁၈၅၄ ခုနှစ်ခန့်ကတည်းက စတင်စိုင်းပြင်းခဲ့သည်ဟု ဆိုနိုင် သည်။ ၁၈၅၄ ခုနှစ်တွင် ဘင်္ဂလားသို့ မဟာမိတ်အဖြစ် စေလွှတ်သော သံအဖွဲ့ခေါင်းဆောင်အား သင်္ဘောရလျှင် ဝယ်ခဲ့ရန်၊ မရလျှင် စက်များနှင့် စက်ပစ္စည်းများ ဝယ်ခဲ့ရန်နှင့် စက်ဆရာများအား ငှားရမ်းခဲ့ရန် မှာကြားလိုက်သည်။ ထို့နောက် ၁၈၆၃- ၆၄ ခုနှစ်တွင် ပွတ်စက်နှင့် ဖောက် စက်စသည့် စက်ကိရိယာများ ဝယ်ယူရန်အတွက် သံတော်ဆင့် ဦးရွှေဘင်နှင့် စက်ဆရာဦးထွန်းတို့အား ဘင်္ဂလားသို့စေလွှတ်ခဲ့ပြန်သည်။

သိပ္ပံစာရေးဆရာကိုကိုအောင်