ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား

မန္တလေး၊ ဇွန်၂၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာ ဦးစီး ကော်မတီဉက္ကဋ္ဌနှင့် ဘောလုံးပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဉက္ကဋ္ဌ၊ ကော်မတီဝင်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က ကွင်းဖွင့်အမှာစကား ပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံး အားကစား ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

အုပ်စု ပထမပွဲစဉ်အဖြစ် ညွန့်ပေါင်း (၁) အသင်းနှင့် နိုင်ငံတကာဆက်ဆံရေးပညာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ညွန့်ပေါင်း (၁) အသင်းက ၂ ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ဓာတုဗေဒအသင်းက ပထဝီဝင်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တတိယပွဲစဉ်တွင် ညွန့်ပေါင်း (၂) အသင်းက ရူပဗေဒအသင်းကို ၃ ဂိုး၊ ၂ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ အုပ်စုပွဲစဉ်များကို ဇွန်  ၂၅ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃) သင်းဖြင့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

တင်မောင်-မန္တလေး