ရတုဘုရင် နတ်ရှင်နောင်ရဲ့ သန်လျင်က ဂူဗိမာန်

သီဟလုလင်

 

ငယ်ငယ်က စာသင်ခန်းထဲမှာ သိကျွမ်းရင်းနှီးခဲ့ရတဲ့ ရတုဘုရင်နတ်ရှင်နောင် (နတ်သျှင်နောင်) အကြောင်းကို ခုအရွယ် ရောက်လာတော့ ပိုသိလာရတယ်။ ကဗျာဆရာကြီးရဲ့ သမိုင်းကလည်း စိတ်ဝင်စားစရာ အတော်ကောင်းတာကိုး။ သူနဲ့တွဲပြီး သိကြတာက သူ့ထက်အသက် (၁၉) နှစ်ကြီးတဲ့ ရာဇဓာတုကလျာပါ။ ဓာတုကလျာနှလုံးသားကို ကဗျာတွေနဲ့ သိမ်းပိုက်နိုင်ခဲ့ သူပေါ့။ အနုအရွလေးတွေမှာတင် ထူးချွန်တာမဟုတ်ဘဲ တိုက်ရည်ခိုက်ရည်လည်း ကောင်းလို့ နာမည်ကျော်တဲ့သူလည်း ဖြစ်ပါတယ်။ ဘုရင့်နောင်ရဲ့ မြေးတော်ဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။ ဒီလို လက်ရုံးရည်ရော နှလုံးရည်ရောကောင်းတဲ့ ရတုဘုရင် နတ်ရှင်နောင်ရဲ့ ဂူဗိမာန် (တစ်နည်းဆိ်ုရရင်) ဂူဘုရားဟာ သန်လျင်မြို့နယ်က ကျိုက်ခေါက်ဘုရား တန်ဆောင်း ဘေးမှာ တည်ရှိနေပါတယ်။ ဒါကို အများအားဖြင့် မသိလိုက်ဘဲ ကျော်သွားတတ်ကြပါတယ်။

နတ်ရှင်နောင် (နတ်သျှင်နောင်) ဆိုတာ
ရတုဘုရင်၊ စစ်တိုက်ရာမှာလည်း ထူးချွန်သူ နတ်ရှင်နောင်ဟာ ဘုရင့်နောင်မြေးမို့ သူ့သွေးလည်း ကိုယ်မှာ စီးဝင်နေမှာ ပေါ့လေ။ နတ်ရှင်နောင်ကို ၁၅၈၇ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ဖခင်ဖြစ်သူကတော့ မင်းရဲသီဟသူ ဖြစ်ပါတယ်။ သူ့ဖခင် နတ်ရွာစံတော့ သူလည်း ဘုရင်အဖြစ် နန်းတက်ရပြီး တောင်ငူမှာ ထီးနန်းစိုးစံချိန် ညီအစ်ကို ဝမ်းကွဲတော်စပ်တဲ့ အင်းဝဘုရင် (အနောက်ဘက်လွန်မင်း) က ဆင်းတိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ နောက်ဆုံး အညံ့ခံလိုက်ရပေမယ့် အင်းဝဘုရင်က နတ်ရှင်နောင်ကို တောင်ငူမှာပဲ မြို့စားအနေနဲ့ အရိုက်အရာ ပြန်ပေးထားပါတယ်။ နတ်ရှင်နောင်က ထီးနန်းပြန်ယူချင်တာမို့ သန်လျင်က ဒီဗရစ်တို (ခ)ငဇင်ကာတို့နဲ့ ပူးပေါင်းခဲ့တယ်။ ပေါ်တူဂီမိတ်ဆွေ ဒီဗရစ်တိုနဲ့ အတော်ရင်းနှီးခဲ့ကြတာမို့ အင်းဝဘုရင်ကို ပုန်ကန်ရာမှာ အတော်အထောက်အကူ ရခဲ့တယ်။ အင်းဝဘုရင်လည်း တောင်ငူနယ်ကို ပြန်သိမ်းလိုက်တော့ နတ်ရှင်နောင်လည်း ဒီဗရစ်တိုနဲ့အတူ သန်လျင်မှာပဲ ခိုလှုံနေရင်း ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်အဖြစ် ဗတ္တိဇံ ခံယူလို့ ကိုးကွယ်တဲ့ဘာသာ ပြောင်းလဲခဲ့တယ်လို့ မှတ်သားခဲ့ရတယ်။ (တချို့လည်း တခြားသော ပေါ်တူဂီဘာသာ တစ်ခုခု ဖြစ်မယ်လို့ ဆိုကြတာ ကြားဖူးပါတယ်)။ ၁၆၁၃ ခုနှစ်မှာ အင်းဝဘုရင်က သန်လျင်ကို သိမ်းလိုက်ပြီး နတ်ရှင်နောင်ရဲ့ မိတ်ဆွေ ဒီဗရစ်တိုကို သေဒဏ်ပေးခဲ့ပြီး နတ်ရှင်နောင်ကိုတော့ သစ္စာပြန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ ဖြစ်သွားပြီဖြစ်တဲ့ နတ်ရှင်နောင်ကတော့ သစ္စာခံ၊ ဘာသာပြန်ပြောင်းတာကို မလုပ်တော့ဘဲ သေဒဏ်ကိုပဲ ရွေးချယ်ခဲ့တာမို့ တံကျင်ထိုးပြီး စံပြအဖြစ် ရက်စက်စွာသတ်ခဲ့ခြင်းကို ခံခဲ့ရတယ်လို့ ဖတ်မှတ်ဖူးပါတယ်။

နတ်ရှင်နောင်ရဲ့ ဂူဗိမာန်
ခုတော့ နတ်ရှင်နောင်ရဲ့ ဂူဗိမာန်ဟာ ရှေးဟောင်း အဆောက်အအုံ အမှတ်အသားတစ်ခုအနေနဲ့သာ ထိန်းသိမ်းစောင့်ရှောက် ခံအဖြစ်နဲ့ သန်လျင် ကျိုက်ခေါက်ဘုရား စောင်းတန်းဘေးတစ်ဖက်၊ မင်းနန္ဒာကန်တော်အနားမှာ မထင်မရှား တည်ရှိနေပါတယ်။ အရင်ကတော့ အဆောက်အအုံနားသွားလို့ရပေမယ့် အခုတော့ အဝေးကပဲ ကြည့်နိုင်တော့မှာပါ။ ခြံခတ်ထားပြီး တံခါးကိုလည်း သော့ခတ်ထားပါတယ်။

ဘယ်လိုသွားမလဲ
သန်လျင်ဘက်ကို ကျိုက်ခေါက်ဘုရားဖူးရင်း သွားနိုင်ပါတယ်။ ပိတ်ရက်လေးမှာ ဝေးဝေးလံလံ မဟုတ်ဘဲ ရန်ကုန်မြို့နဲ့ အနီးဝန်းကျင် သွားချင်သူများအတွက် ကျိုက်ခေါက်ဘုရားဖူးရင်း ရတုဘုရင် နတ်ရှင်နောင်ရဲ့ ဂူဗိမာန်ကို လေ့လာဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်ဗျား။ အားလုံးပဲ အစဉ် ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။