ရုံးပိတ်ရက်များတွင် အပန်းဖြေရုပ်ရှင်ကြည့်ရှုသူ ပရိသတ်များ ပိုမိုများပြား

ရန်ကုန် ၁၆ ဇူလိုင်

မိုးကာလ ဖြစ်သော်လည်း စနေ၊ တင်္နဂနွေ ရုံးပိတ်ရက်များအတွင်း ရန်ကုန်မြို့၌ ရုပ်ရှင်ကြည့်ပရိသတ်များဖြင့် အပတ်စဉ် စည်ကားများပြားနေသည့် ရုပ်ရှင်ရုံများကို ဖြတ်သွားဖြစ်လာ တွေ့မြင်နေရသည်။ အလားတူ ယနေ့ ဇူလိုင် (၁၆) ရက်နေ့ (ဝါဆိုလပြည့်နေ့)  သည်  အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ချစ်သူ၊ ခင်သူ သူငယ်ချင်း မိတ်ဆွေ၊ မိသားစုများနှင့် ရန်ကုန်မြို့အတွင်းရှိ  သမ္မတ ၊ သွင်၊ မင်္ဂလာ ရှေ့ဆောင်၊ နေပြည်တော်၊ မင်္ဂလာစီနီမာ (တာမွေ/ ဘုရင့်နောင်/ စံပြ/ ဂမုန်းပွင့်/ တာမွေ/ မြောက်ဥက္ကလာ/ စိန်ဂေဟာ/ တောင်ဒဂုံ)၊  မီဂါအေ့စ် (ရွှေဗဟို)၊ JCGV Junction City ၊ နဝဒေးအပါအဝင် ရုပ်ရှင်ရုံများ၌ စိတ်အပန်းဖြေရန် လာရောက်ကြည့်ရှုကြသည့် ရုပ်ရှင်ကြည့် ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 

1

 

သို့ဖြစ်၍  ရုပ်ရှင်ကြည့်ပရိသတ်များ၏ စကားသံများကို စုစည်း ဖော်ပြလိုက်ပါသည်။    

 

2

 

ဦးသက်လှိုင်စိုး (မန်နေဂျာ-သမ္မတရုပ်ရှင်ရုံ)

ခေတ်က Online ခေတ်ဖြစ်နေတော့ ရုပ်ရှင်ကားတစ်ကား ကောင်း၊ မကောင်း ဆိုတာသိနေကြပြီးတော့ လာရောက်ကြည့်ရှုသူကများတယ်။ အခု သီတင်းပတ်မှာဆိုရင် ချာလီဘရုပ်ရှင်က လူဝင်နှုန်းများပါတယ်။ လက်မှတ် ဈေးနှုန်းကတော့ မြန်မာကားပြတဲ့ သရီးဒီ၊ တူးဒီ နိုင်ငံခြားကားပြတဲ့ ရုံတွေနဲ့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိပါတယ်။ ကျွန်တော်တို့ရုံမှာ လက်ရှိ ရောင်းချနေတဲ့ဈေးနှုန်းက အောက်ထပ်မှာ ငွေကျပ် ၁၅၀ဝ၊ ၂၀ဝ၀၊ ၃၀ဝ၀၊ အပေါ်ထပ်ဆိုရင် ၃၅၀ဝ၊ ၄၀ဝ၀၊ ၆၀ဝ၀ အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းချမှုကတော့ On Line နဲ့ ရောင်းတဲ့ ရုံတွေလည်းရှိတယ်။ ကျွန်တော်တို့ သမ္မတရုံက Manual နဲ့ ရောင်းတဲ့ရုံပါ။ ရုံမှာ ခုံပေါင်း ၈၀ဝ ကျော်၊ ၉၀ဝ နီးပါးရှိပါတယ်။ လက်မှတ်တွေကို ယနေ့ ပြသမယ့် ပွဲစဉ်တွေအပါအဝင် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ရောင်းပေးတယ်။ ဇာတ်ကားတစ်ကား ပြတော့မယ်ဆိုရင် ကြိုတင်လက်မှတ်တွေကို တစ်ပတ်ကြိုတင် ရောင်းပေးပါတယ်။ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ လာရောက်ဝယ်ယူတဲ့အခါ လက်ခံဆောင်ရွက်ပေးပါတယ်။ ဖုန်းနဲ့ Booking တင်ထားတဲ့ ကြိုတင် လက်မှတ်တွေကိုကျတော့ ပွဲချိန်မပြသမီ ၄၅ မိနစ်အထိ စောင့်ပါတယ်။ လာရောက် ဝယ်ယူခြင်းမရှိတဲ့ တယ်လီဖုန်း Booking လက်မှတ်တွေကို ၄၅ မိနစ်အလိုအထိ မရောက်ခဲ့ဖူးဆိုရင် ပယ်ဖျက်ပြီးတော့ အခြားသူတွေကို ပြန်လည်ရောင်းချပါတယ်။ ရုပ်ရှင်ရုံကို လာရောက်ကြည့်ရှုသူတွေကို စိတ်ချမ်းသာ အဆင်ပြေမှုရှိအောင် အနံ့အသက်နဲ့ သန့်ရှင်းရေးကို အလေးထားပြီး ဆောင်ရွက်ထားပါတယ်။ စနေ၊ တနဂငေ်္နွနေ့ထက်စာရင် နေ့ထူး နေ့မြတ်တွေ၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ အခြားနေ့တွေထက် လာရောက်ကြည့်ရှုတဲ့သူ များပါတယ်။

မမြင့်သူဇာ
ဒဂုံ(တောင်ပိုင်း) ဈေးရောင်း
ဒီကနေ့က ရုံးပိတ်ရက်လည်းဖြစ်တော့ ဈေးဆိုင်ပိတ်ပြီး မိသားစုနဲ့အတူ စိတ်အပန်းဖြေဖို့အတွက် ရန်ကုန်မြို့ထဲ လည်ပတ်ပြီး ရုပ်ရှင်ဝင်ကြည့်တာပါ။ ရုပ်ရှင် မကြည့်ဖြစ်တာလည်း နှစ်အတော်ကြာပြီ၊ သရုပ်ဆောင် မြင့်မြတ်ကိုလည်း သဘောကျတာကြောင့် ချာလီဘကားကို လာကြည့်တာပါ။ လက်မှတ်လည်း   အလွယ်တကူ ဝယ်ယူရရှိတာမို့ ရုပ်ရှင်ကြည့်ရတာ အဆင်ပြေပါတယ်။ ညနေကျရင် ရွှေတိဂုံဘုရား သွားဖူးဖို့ စိတ်ကူးထားတယ်။

ဦးသူရဇော်
Shift Manager
JCGV Junction City

ကျွန်တော်တို့အနေနဲ့ ပုံမှန်ရက်တွေမှာလည်း အထူးဝန်ဆောင်မှုတွေ ပေးပါတယ်။ အခုလို ပိတ်ရက်မျိုးတွေမှာဆိုရင် လာကြည့်ကြတဲ့ ပရိသတ်တွေကို ပုံမှန်ထက် ဝန်ဆောင်မှုတွေ အထူးဂရုစိုက် လုပ်ထားပေးပါတယ်။ ဒီလိုရုံးပိတ်ရက်မျိုးဆိုရင် ညပိုင်း ရုပ်ရှင်ဇာတ်ကားပြသတဲ့အချိန် ထပ်တိုးပြီး ၉ နာရီနောက်ပိုင်း ပြသပေးတာတွေရှိပါတယ်။ လက်မှတ်ကို ကြိုဝယ်ထားရင် ပိုအဆင်ပြေပါတယ်။ အခုပြသတဲ့ ဇာတ်ကားတွေက မြန်မာဇာတ်ကားဆိုရင် ဒဏ္ဍာရီမိုးရှိမယ်။ နိုင်ငံခြားဇာတ်ကားဆိုရင် Spiderman ၊ Crawl ဇာတ်ကားနဲ့ လူစိတ်ဝင်စားတဲ့ တခြားဇာတ်ကားတွေ ပြသနေပါတယ်။ တစ်နေ့ကို ပွဲချိန် ငါးကြိမ်ပြသပေးတယ်။ ညပိုင်းနောက်ဆုံးပွဲတွေဆိုရင် ၉ နာရီခွဲ၊ ၉ နာရီ ၅၀ မိနစ်လောက်အထိ ပြပေးတယ်။ လပြည့်နေ့ဆိုရင် ဘုရားနဲ့နီးတဲ့အတွက် ရုပ်ရှင်ကြည့်ပရိသတ်တွေ ပိုများပါတယ်။

ဦးသူရလင်း (ကျောင်းဆရာ)
မင်္ဂလာတောင်ညွှန့်မြို့နယ်

ဒီနေ့ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားကို သွားဖူးတယ်။ အခု Junction City မှာ Crawl ရုပ်ရှင်ဇာတ်ကားကို သူငယ်ချင်း ၉ ယောက်နဲ့လာကြည့် ဖြစ်တာပါ။ ပိတ်ရက်မှာ အခုလို လာကြည့်ရတာ အလွန်ပျော်ရွှင်မိပါတယ်။ တခြားစိတ် အပန်းဖြေဖို့ လာကြည့်တဲ့ မိသားစုတွေကို မြင်ရတဲ့အခါမှာလည်း ကြည်နူးမိပါတယ်။

ဦးဇင်မင်းအောင်
ဇာထိုး၊ ပန်းထိုးစက်ရုံ
မင်္ဂလာဒုံမြို့နယ်

ကျွန်တော်က ဒီသမ္မတရုပ်ရှင်ရုံမှာ ချာလီဘရုပ်ရှင်ဇာတ်ကားကို လာကြည့်တာပါ။ အလုပ်ပိတ်ရက် အဆောင်မှာနေရတာ ပျင်းနေတော့ သူငယ်ချင်းကလည်း ဘုရားသွားမယ်၊ ရုပ်ရှင်ကြည့်မယ်ပြောတာနဲ့ အခုလို လာဖြစ်တာပါ။ သမ္မတရုံမှာ ပထမဆုံး ကြည့်ဖြစ်တာပါ။ လူများပေမယ့် လက်မှတ်ဝယ်တဲ့နေရာမှာ အဆင်ပြေတယ်။  သူငယ်ချင်းတွေနဲ့ အိမ်ကနေ ၇ နာရီခွဲကတည်းက ထွက်လာတာပါ။ တခြားသူတွေကိုလည်း ပိတ်ရက်မှာ ကျွန်တော်တို့လိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေချင်ပါတယ်။

ဒေါ်ဌေးဌေးနိုင်
တာမွေမြို့နယ်

မနက်က သူငယ်ချင်းနဲ့ ဗိုလ်တထောင်ဘုရားကိုသွားပြီး ဘုရားဖူးခဲ့တယ်။ အခုက မင်္ဂလာရုပ်ရှင်ရုံမှာ စိန်ဂေါ်လီမယောကျာ်းဇာတ်ကား ကြည့်ဖို့ လက်မှတ်လာ ဝယ်တာပါ။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်အားတဲ့အချိန်ကိုညှိပြီး ညနေပိုင်းမှာ ကြည့်ဖို့ဖြစ်ပါတယ်။ ခပ်ငယ်ငယ်ကတည်းကနေ အခုအထိ ဒီရုပ်ရှင်ရုံမှာပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်ကို သူငယ်ချင်းနဲ့ မကြာခဏ လာကြည့်ဖြစ်တယ်။   ရုပ်ရှင်ရုံတွေက အခုဆိုရင် အဆင့်အတန်းမြင့်လာကြတယ်။ အခုလို ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် အားတဲ့အချိန်မှာ စိတ်အပန်းဖြေတဲ့အခါ အဆင့်မြင့်တဲ့ ရုပ်ရှင်ရုံမှာ ကောင်းကောင်းမွန်မွန်လေး ရုပ်ရှင်ကြည့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ 

ဦးကျော်ဇင်မိုး
မန်နေဂျာ
Mega Ace Shwe Baho

အများပြည်သူရုံးပိတ်ရက်ဖြစ်တော့ ဒီနေ့မှာ ရုပ်ရှင်လာကြည့်တဲ့သူ ပိုများတယ်။ ဒီနေ့ဆို ရုံပြည့်တယ်။ ဒီအပတ်မှာ ဒဏ္ဍာရီမိုးရယ်၊ Crawl ဇာတ်ကားကို ပြတာပါ။ မနက် ၁၀ နာရီစပြီး အချိန်ပိုင်းခြားအလိုက် တစ်နေ့ကို ၅ ပွဲ ပြတယ်။ ကျွန်တော်တို့ ရုပ်ရှင်ရုံအနေနဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ဦးစားပေးတဲ့ ဝန်ဆောင်မှုလုပ်တယ်။ ဒီရုံမှာ ရုပ်ရှင်ဇာတ်ကားကို အများဆုံး တစ်ပတ်ရုံတင်ပြသပြီး လူကြိုက်များလို့ တောင်းဆိုတဲ့ ဇာတ်ကားတွေဆိုရင် နှစ်ပတ်လောက် ရုံတင်ပြသပါတယ်” ယခုသီတင်းပတ် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အတွင်း ရုံတင်ပြသလျက်ရှိသော ရုပ်ရှင်ကားများမှာ ချာလီဘ၊ စိန်ဂေါ်လီမယောကျာ်း၊ သတိအန္တရာယ်ရှိသည်၊ အနန္တ၊ ဒဏ္ဍာရီမိုး၊ Spider Man ၊ Crawl ၊ Annabelle Comes Home အပါအဝင်  ရုပ်ရှင်ကားများ ဖြစ်သည်။

ယခင်က ရုပ်ရှင်ဇာတ်ကားများရုံတင်ပြသမှုကို သောကြာနေ့တွင်သာ အသစ်လဲလှယ်ပြသသော်လည်း ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ ကြာသပတေးနေ့တိုင်း ဇာတ်ကားသစ်များ လဲလှယ်ပြသလျက်ရှိကြောင်း သိရသည်။

ရုပ်ရှင်ပွဲချိန်များမှာ အကြမ်းဖျင်းအားဖြင့် နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲ၊ ည ၆ နာရီခွဲ၊ ည ၉ နာရီခွဲ တစ်နေ့လျှင် ၅ ပွဲနှုန်း ပြသလျက်ရှိသည်။ အချို့ရုပ်ရှင်ရုံများသည် ရုပ်ရှင်ပြသမှုမှာ အချိန်အနည်းငယ် ကွာဟမှုရှိသည်။

ယခုအခါ နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံပေါင်း ၁၄၂ ရုံ၊ ရုပ်ရှင်ပိတ်ကား ၁၆၃ ကားရှိပြီး   ရန်ကုန်မြို့အတွင်း ရုပ်ရှင်ရုံ ၆၂ ရုံ၊ ပိတ်ကား ၇၅ ခုအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

သတင်း- ဝင်းမီမီ
ဓာတ်ပုံ- ရဲထွဋ်