ရုံးပိတ်ရက်များတွင် အပန်းဖြေရုပ်ရှင်ကြည့်ရှုသူ ပရိသတ်များ ပိုမိုများပြား

မိုးကာလဖြစ်သော်လည်း စနေ၊ တနင်္ဂနွေွ ရုံးပိတ်ရက်များအတွင်း ရန်ကုန်မြို့၌ ရုပ်ရှင်ကြည့် ပရိသတ်များဖြင့် အပတ်စဉ် စည်ကားများပြားနေသည့် ရုပ်ရှင်ရုံများကို ဖြတ်သွားဖြတ်လာ တွေ့မြင်နေရသည်။ အလားတူ ယနေ့ ဇူလိုင် ၁၆ ရက် (ဝါဆိုလပြည့်နေ့) သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ချစ်သူ၊ ခင်သူ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုများနှင့် ရန်ကုန်မြို့အတွင်းရှိ သမ္မတ၊ သွင်၊ မင်္ဂလာရှေ့ဆောင်၊ နေပြည်တော်၊ မင်္ဂလာစီနီမာ (တာမွေ/ဘုရင့်နောင်/စံပြ/ဂမုန်းပွင့်/တာမွေ/မြောက်ဥက္ကလာ/စိန်ဂေဟာ/တောင်ဒဂုံ)၊ မီဂါအေ့စ်(ရွှေဗဟို)၊ JCGV Junction City ၊ နဝဒေးအပါအဝင် ရုပ်ရှင်ရုံများ၌ စိတ်အပန်းဖြေရန် လာရောက်ကြည့်ရှုကြသည့် ရုပ်ရှင်ကြည့်ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 

သို့ဖြစ်၍ ရုပ်ရှင်ရုံများမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်ကြည့်ပရိသတ်များ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

 

1

 

ဦးသက်လှိုင်စိုး(မန်နေဂျာ-သမ္မတရုပ်ရှင်ရုံ)

 

ခေတ်က အွန်လိုင်းခေတ်ဖြစ်နေတော့ ရုပ်ရှင်ကားတစ်ကား ကောင်း၊ မကောင်း ဆိုတာ သိနေကြပြီးတော့ လာရောက်ကြည့်ရှုသူက များတယ်။ အခု သီတင်းပတ်မှာဆိုရင် ချာလီဘ ရုပ်ရှင်က လာရောက်ကြည့်ရှုသူ များပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ မြန်မာကားပြတဲ့ သရီးဒီ၊ တူးဒီ နိုင်ငံခြားကားပြတဲ့ ရုံတွေနဲ့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိပါတယ်။ ကျွန်တော်တို့ရုံမှာ လက်ရှိ ရောင်းချနေတဲ့ဈေးနှုန်းက အောက်ထပ်မှာ ငွေကျပ်ကျပ် ၁၅၀ဝ၊ ၂၀ဝ၀၊ ၃၀ဝ၀၊ အပေါ်ထပ်ဆိုရင် ငွေကျပ် ၃၅၀ဝ၊ ၄၀ဝ၀၊ ၆၀ဝ၀ အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းချမှုကတော့ အွန်လိုင်းနဲ့ ရောင်းတဲ့ ရုံတွေလည်းရှိတယ်။ ကျွန်တော်တို့ သမ္မတရုံက Manual နဲ့ ရောင်းတဲ့ရုံပါ။ ရုံမှာ ခုံပေါင်း ၈၀ဝ ကျော်၊ ၉၀ဝ နီးပါး ရှိပါတယ်။ လက်မှတ်တွေကို ဒီနေ့ ပြသမယ့် ပွဲစဉ်တွေ အပါအဝင် မနက် ၉ နာရီကနေ ည ၉ နာရီအထိ ရောင်းပေးတယ်။ ဇာတ်ကားတစ်ကားပြတော့ မယ်ဆိုရင် ကြိုတင်လက်မှတ်တွေကို တစ်ပတ် ကြိုတင်ရောင်းပေးပါတယ်။ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ လာရောက်ဝယ်ယူတဲ့အခါ လက်ခံဆောင်ရွက်ပေးပါတယ်။ ဖုန်းနဲ့ မှာထားတဲ့ ကြိုတင်လက်မှတ်တွေကိုကျတော့ ပွဲချိန် မပြသမီ ၄၅ မိနစ်အထိ စောင့်ပါတယ်။ လာရောက်ဝယ်ယူခြင်းမရှိတဲ့ လက်မှတ်တွေကို ၄၅ မိနစ်အလိုအထိ မရောက်ခဲ့ဖူးဆိုရင် ပယ်ဖျက် ပြီးတော့ အခြားသူတွေကို ပြန်လည်ရောင်းချပါတယ်။ ရုပ်ရှင်ရုံကို လာရောက်ကြည့်ရှုသူတွေကို စိတ်ချမ်းသာ အဆင်ပြေမှုရှိအောင် အနံ့အသက်နဲ့ သန့်ရှင်းရေးကို အလေးထားပြီး ဆောင်ရွက်ထားပါတယ်။ စနေ၊ တနင်္ဂနွေနေ့ထက်စာရင် နေ့ထူးနေ့မြတ်တွေ၊ အများပြည်သူ ရုံးပိတ်ရက်တွေမှာ အခြားနေ့တွေထက် လာရောက်ကြည့်ရှုတဲ့သူ များပါတယ်။

 

1

 

မမြင့်သူဇာ

ဒဂုံ(တောင်ပိုင်း)

 

ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ်တော့ ဈေးဆိုင်ပိတ်ပြီး မိသားစုနဲ့အတူ စိတ်အပန်းဖြေ ဖို့အတွက် ရန်ကုန်မြို့ထဲ လည်ပတ်ပြီး ရုပ်ရှင် ဝင်ကြည့်တာပါ။ ရုပ်ရှင်မကြည့်ဖြစ်တာလည်း နှစ်အတော်ကြာပြီ။ သရုပ်ဆောင် မြင့်မြတ်ကိုလည်း သဘောကျတာကြောင့် ချာလီဘကားကို လာကြည့်တာပါ။ လက်မှတ်လည်း အလွယ်တကူ ဝယ်ယူရရှိတာမို့ ရုပ်ရှင်ကြည့်ရတာ အဆင်ပြေပါတယ်။

 

1

 

ဦးသူရဇော်

Shift Manager

JCGV Junction City

 

 

ကျွန်တော်တို့အနေနဲ့ ပုံမှန်ရက်တွေမှာလည်း အထူးဝန်ဆောင်မှုတွေ ပေးပါတယ်။ အခုလို ပိတ်ရက်မျိုးတွေမှာဆိုရင် လာကြည့်ကြတဲ့ ပရိသတ်တွေကို ပုံမှန်ထက် ဝန်ဆောင်မှုတွေ အထူးဂရုစိုက် လုပ်ထားပေးပါတယ်။ ဒီလို ရုံးပိတ် ရက်မျိုးဆိုရင် ညပိုင်း ရုပ်ရှင်ဇာတ်ကားပြသတဲ့ အချိန်ထပ်တိုးပြီး ၉ နာရီနောက်ပိုင်း ပြသပေးတာ တွေရှိပါတယ်။ လက်မှတ်ကို ကြိုဝယ်ထားရင် ပိုအဆင်ပြေပါတယ်။ အခုပြသတဲ့ ဇာတ်ကားတွေက မြန်မာဇာတ်ကားဆိုရင် ဒဏ္ဍာရီမိုးရှိမယ်။ နိုင်ငံခြားဇာတ်ကားဆိုရင် Spider Man ၊ Crawl ဇာတ်ကားနဲ့ လူစိတ်ဝင်စားတဲ့ တခြား ဇာတ်ကားတွေ ပြသနေပါတယ်။ တစ်နေ့ကို ပွဲချိန် ငါးကြိမ် ပြသပေးတယ်။ ညပိုင်းနောက်ဆုံးပွဲတွေ ဆိုရင် ၉ နာရီခွဲ၊ ၉ နာရီ ၅၀ မိနစ်လောက်အထိ ပြပေးတယ်။ လပြည့်နေ့ဆိုရင် ဘုရားနဲ့နီးတဲ့ အတွက် ရုပ်ရှင်ကြည့်ပရိသတ်တွေ ပိုများပါတယ်။

 

1

 

ဦးသူရလင်း(ကျောင်းဆရာ)

မင်္ဂလာတောင်ညွန့်မြို့နယ်

 

ဒီနေ့ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားကို သွားဖူးတယ်။ အခု Junction Cityမှာ Crawl ရုပ်ရှင် ဇာတ်ကားကို သူငယ်ချင်းတွေနဲ့ လာကြည့်ဖြစ်တာပါ။ ပိတ်ရက်မှာ အခုလိုလာကြည့်ရတာ အလွန်ပျော်ပါတယ်။ တခြားစိတ်အပန်းဖြေဖို့ လာကြည့်တဲ့ မိသားစုတွေကို မြင်ရတဲ့အခါမှာလည်း ကြည်နူးမိပါတယ်။

 

1

 

ဦးဇင်မင်းအောင်

မင်္ဂလာဒုံမြို့နယ်

 

ကျွန်တော်က ဒီသမ္မတရုပ်ရှင်ရုံမှာ ချာလီဘ ရုပ်ရှင်ဇာတ်ကားကို လာကြည့်တာပါ။ အလုပ်ပိတ်ရက် အဆောင်မှာနေရတာ ပျင်းနေတော့ သူငယ်ချင်းကလည်း ဘုရားသွားမယ်၊ ရုပ်ရှင် ကြည့်မယ်ပြောတာနဲ့ အခုလို လာဖြစ်တာပါ။ သမ္မတရုံမှာ ပထမဆုံးကြည့်ဖြစ်တာပါ။ လူများပေမယ့် လက်မှတ်ဝယ်တဲ့နေရာမှာ အဆင်ပြေတယ်။ သူငယ်ချင်းတွေနဲ့ အိမ်ကနေ ၇ နာရီခွဲ ကတည်းက ထွက်လာတာပါ။ တခြားသူတွေကိုလည်း ပိတ်ရက်မှာ ကျွန်တော်တို့လိုပဲ ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းစေချင်ပါတယ်။

 

1

 

ဒေါ်ဌေးဌေးနိုင်

တာမွေမြို့နယ်

 

မနက်က သူငယ်ချင်းနဲ့ ဗိုလ်တထောင်ဘုရားကို သွားပြီး ဘုရားဖူးခဲ့တယ်။ အခုက မင်္ဂလာရုပ်ရှင် ရုံမှာ စိန်ဂေါ်လီမယောကျ်ားဇာတ်ကား ကြည့်ဖို့ လက်မှတ်လာဝယ်တာပါ။ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်အားတဲ့အချိန်ကို ညှိပြီး ညနေပိုင်းမှာ ကြည့်ဖို့ဖြစ်ပါတယ်။ ခပ်ငယ်ငယ်ကတည်းကနေ အခုအထိ ဒီရုပ်ရှင်ရုံမှာပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်ကို သူငယ်ချင်းနဲ့ မကြာခဏ လာကြည့်ဖြစ်တယ်။ ရုပ်ရှင်ရုံတွေက အခုဆိုရင် အဆင့်အတန်းမြင့်လာ ကြတယ်။ အခုလို ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် အားတဲ့အချိန်မှာ စိတ်အပန်းဖြေတဲ့အခါ အဆင့်မြင့်တဲ့ ရုပ်ရှင်ရုံမှာ ကောင်းကောင်း မွန်မွန်လေး ရုပ်ရှင်ကြည့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။

 

1

 

ဦးကျော်ဇင်မိုး

မန်နေဂျာ(Mega Ace Shwe Baho)

 

အများပြည်သူရုံးပိတ်ရက်ဖြစ်တော့ ဒီနေ့မှာ ရုပ်ရှင်လာကြည့်တဲ့သူ ပိုများတယ်။ ဒီနေ့ဆို ရုံပြည့်တယ်။ ဒီအပတ်မှာ ဒဏ္ဍာရီမိုးရယ်၊ Crawl ဇာတ်ကားကို ပြတာပါ။ မနက် ၁၀ နာရီကစပြီး အချိန်အပိုင်းအခြားအလိုက် တစ်နေ့ကို ငါးပွဲပြတယ်။ ကျွန်တော်တို့ ရုပ်ရှင်ရုံအနေနဲ့ ရုပ်ရှင် ကြည့် ပရိသတ်ကို ဦးစားပေးတဲ့ ဝန်ဆောင်မှု လုပ်တယ်။ ဒီရုံမှာ ရုပ်ရှင်ဇာတ်ကားကို အများဆုံး တစ်ပတ်ရုံတင်ပြသပြီး လူကြိုက်များလို့ တောင်းဆိုတဲ့ ဇာတ်ကားတွေဆိုရင် နှစ်ပတ်လောက် ရုံတင်ပြသပါတယ်။

 

ယခုသီတင်းပတ် ဇူလိုင် ၁၁ ရက်မှ ၁၇ ရက် အတွင်း ရုံတင်ပြသလျက်ရှိသော ရုပ်ရှင်ကား များမှာ ချာလီဘ၊ စိန်ဂေါ်လီမယောကျာ်း၊ သတိ အ္တရာယ်ရှိသည်၊ အန္တ၊ ဒဏ္ဍာရီမိုး၊ Spider Man ၊ Crawl ၊ Annabelle Comes Home စသည့် ရုပ်ရှင်ကားများ ဖြစ်သည်။

 

ယခင်က ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုကို သောကြာနေ့တွင်သာ အသစ်လဲလှယ် ပြသသော်လည်း ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ ကြာသပတေးနေ့တိုင်း ဇာတ်ကားသစ်များ လဲလှယ်ပြသလျက်ရှိကြောင်း သိရသည်။

 

ရုပ်ရှင်ပွဲချိန်များမှာ အကြမ်းဖျင်းအားဖြင့် နံနက် ၁၀ နာရီ၊ မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲ၊ ည ၉ နာရီခွဲ တစ်နေ့ လျှင် ငါးပွဲနှုန်းပြသလျက်ရှိသည်။ အချို့ရုပ်ရှင်ရုံ များသည် ရုပ်ရှင်ပြသမှုမှာ အချိန်အနည်းငယ် ကွာဟမှုရှိသည်။

 

ယခုအခါ နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံပေါင်း ၁၄၂ ရုံ၊ ရုပ်ရှင်ပိတ်ကား ၁၆၃ ကားရှိပြီး ရန်ကုန် မြို့အတွင်း ရုပ်ရှင်ရုံ ၆၂ ရုံ၊ ပိတ်ကား ၇၅ ခုအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

တွေ့ဆုံမေးမြန်း-ဝင်းမီမီ

 

1

ဓာတ်ပုံ-ရဲထွဋ်