ကိုလူလှ

 

ဇီဝရုပ်ကြွင်းလောင်စာဟာ အနာဂတ်မှာ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် ကြုံတွေ့ရမယ်လို့ အစောပိုင်းက ပြောထားသလို မျက်မှောက်ကာလမှာ ပြဿနာ အမျိုးမျိုးနဲ့ ကြုံတွေ့လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာတွေကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ကမ္ဘာကြီးကို အမျိုးမျိုးအဖုံဖုံ ရိုက်ခတ် လာနေတာတွေ့ရမှာဖြစ်ပြီး တစ်ချိန်သောကာလတစ်ခုမှာ ရုပ်ကြွင်းလောင်စာခေတ်ရဲ့ အဆုံးသတ်ကို မလွဲမသွေရောက်ရှိသွားမှာ ဧကန်ဖြစ်ပါတယ်။

 

လက်ရှိကာလမှာ ကြုံတွေ့နေရတဲ့ ရုပ်ကြွင်းလောင်စာပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း ဖြစ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေ နေ့စဉ်မဖြစ်မနေအသုံးပြုနေကြရတဲ့ အရာဝတ္ထုပစ္စည်းတွေမှာ ရုပ်ကြွင်း လောင်စာတွေဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်လျက်ရှိပါတယ်။ ရုပ်ကြွင်းလောင်စာဆိုတာ မြေအောက်ထဲမှာရှိတဲ့ သဘာဝဓာတ်ငွေ့၊ ကျောက် မီးသွေး၊ ရေနံစတဲ့ ကာဗွန်ဒြပ်ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီ ဒြပ်ပစ္စည်းတွေအနက် ရေနံဟာ ကမ္ဘာပေါ်မှာ ရှိတဲ့နိုင်ငံအားလုံးအတွက် အရေးပါတဲ့ အသက် သွေးကြောသဖွယ်ဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာဆိုတာ ဖြစ်တည်ဖို့အတွက် နှစ်ပေါင်း သိန်းချီကြာမြင့်တာကြောင့် မကုန်ခန်းနိုင်တော့ဘူးလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ရုပ်ကြွင်းလောင်စာ ဖြစ်တည်ဖို့အတွက် အချိန်ပေးရတဲ့ကာလထက် ပြန်လည်အသုံးချတဲ့ကာလဟာ အဆမတန် များပြားနေတာကို တွေ့မြင်နိုင်ပါတယ်။

 

အဆုံးသတ်ကာလ

ကမ္ဘာ့စွမ်းအင်သုံးစွဲမှုကို လေ့လာကြည့်မယ်ဆိုရင် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို နိုင်ငံတိုင်းက အများဆုံးအသုံးပြုနေတာ တွေ့မြင်နိုင်ပါတယ်။ နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေတယ် လို့ဆိုထားပါတယ်။ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ စွမ်းအင်သုံးစွဲမှုလည်း မြင့်မားလာတာကို တွေ့မြင်နိုင်ပါတယ်။ စွမ်းအင်သတင်းအချက် အလက်စီမံခန့််ခွဲရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရ ကမ္ဘာ ပေါ်မှာရှိတဲ့ နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာအသုံး ပြုမှု ရာခိုင်နှုန်းအများဆုံးဖြစ်တယ်လို့ ဆိုထားပါ တယ်။ ဒါကြောင့် တစ်ချိန်သောကာလမှာ ရုပ်ကြွင်း လောင်စာခေတ်ရဲ့ အဆုံးသတ်ကို မလွဲမသွေ ရောက်ရှိမှာ သေချာတယ်လို့ဆိုရခြင်းဖြစ်ပါတယ်။

 

နောက်တစ်ခုက လက်ရှိကာလမှာ ကမ္ဘာပေါ်မှာ စွမ်းအင်ပဋိပက္ခတွေဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခဟာ ကမ္ဘာကြီး ရဲ့စွမ်းအင်လုံခြုံမှုကို ထိခိုက်ခဲ့ရပါတယ်။ ဒီပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ကာလမှာ လောင်စာဆီရပ်တန့် ပြတ်တောက်သွားမလောက်ဖြစ်ခဲ့ရပြီး ကမ္ဘာ့နိုင်ငံတွေ စိုးရိမ်ပူပန်မှုတွေနဲ့ လောင်စာဆီခြိုးခြံချွေတာ ရေးအစီအမံတွေ ပြုလုပ်ခဲ့ကြရာမှာ မြန်မာနိုင်ငံလည်း အထူးဆောင်ရွက်ခဲ့ရပါတယ်။ တကယ်တော့ အရှေ့အလယ်ပိုင်းပဋိပက္ခဟာ စွမ်းအင်ဝေစုအတွက် ရေနံစစ်ပွဲဖြစ်နေတာလို့ ဆိုရမှာဖြစ်ပါတယ်။

 

သဘာဝဘေးအန္တရာယ်

နောက်တစ်ခုက လက်ရှိကာလကမ္ဘာပေါ်မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတွေ အကြီးအကျယ်ဖြစ်ပေါ်လာနေပါတယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အယ်လ်နီညိုဖြစ်စဉ်တွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ တောမီးလောင်တာတွေ၊ ငလျင်လှုပ်ခတ်တာတွေ၊ ရေကြီးရေလျှံဖြစ်တာတွေ၊ မိုးခေါင်ရေရှားတာတွေ စတဲ့သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွေကို မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နေကြရပါတယ်။

 

လက်ရှိကမ္ဘာကြီးမှာ ဇီဝရုပ်ကြွင်းလောင်စာတွေကို အလွန်အကျွံ ထုတ်ယူသုံးစွဲလာကြတာကြောင့် ရုပ်ကြွင်းလောင်စာခေတ်ကို မလွဲမသွေ အဆုံးသတ်ရမယ့်ကာလ၊ ရုပ်ကြွင်းလောင်စာတွေကို အလွန်အကျွံအသုံးပြုကြတာကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးပြီး သဘာဝဘေး အန္တရာယ်အမျိုးမျိုး ကျရောက်နေတဲ့အခြေအနေ၊ ရေနံစစ်ပွဲတွေကြောင့် စွမ်းအင်လုံခြုံရေးအတွက် ပိုမိုဦးစားပေး လုပ်ဆောင်ရမယ့် အနေအထားတွေအရ ကမ္ဘာ့နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာ အစားထိုး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချဖို့ ကြိုးပမ်းလာကြပါတယ်။

 

ရုပ်ကြွင်းလောင်စာတွေကိုပဲ ဆက်လက်အားကိုးနေမယ်ဆိုရင် ကမ္ဘာကြီးမှာ ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာရမယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ပြောကြားလာကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာတွေကို အစားထိုးဖို့ အလုအယက်ကြိုးပမ်းလာကြပါတယ်။ အမြော်အမြင် ကြီးမားတဲ့ တရုတ်နိုင်ငံဟာ အစောပိုင်းကတည်းက စွမ်းအင်သုံးစွဲမှု သုံးပုံတစ်ပုံနီးပါးကို လျှပ်စစ်ကနေ ဖန်တီးလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်ရောင်းချတဲ့ကားတွေရဲ့ ထက်ဝက်ကျော်ကို လျှပ်စစ်ကားတွေအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။

 

ရေရှည်စီမံကိန်းတွေ

ရေတိုနဲ့ ရေရှည်အရကြည့်မယ်ဆိုရင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဟာ ရုပ်ကြွင်းလောင်စာ တွေနေရာမှာ တဖြည်းဖြည်းအစားထိုးဝင်ရောက် လာမှာဖြစ်ပါတယ်။ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက် က ကုန်ကျစရိတ်သက်သာဖို့၊ ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ဖို့၊ ရေနံစစ်ပွဲတွေကြောင့် စွမ်းအင် လုံခြုံရေးထိခိုက်မှုကို လျှော့ချနိုင်ဖို့အတွက်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခဟာ စွမ်းအင် သုံးစွဲမှု လျှော့ချရေးကို ချက်ချင်းလုပ်ဆောင်ရမယ့် အစီအမံတွေအပြင် ရေရှည်အကျိုးရှိစေမယ့် လျှပ်စစ်ဓာတ်အား ကွန်ရက်တွေနဲ့ နေရောင်ခြည်သုံး စွမ်းအင်ဆိုလာစီမံကိန်းတွေ တိုးမြှင့် တည်ဆောက်ဖို့ အချက်ပေးလိုက်သလိုဖြစ်ပါတယ်။ ဒါ့အပြင်ရုပ်ကြွင်းလောင်စာအစားထိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုမယ့် လျှပ်စစ်ကား(EV)ကဏ္ဍ ချဲ့ထွင်ဖို့အတွက် ရေရှည်စီမံကိန်းတွေ တွန်းအားပေးလုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်သလို ဖြစ်ပါတယ်။

 

အသွင်ကူးပြောင်းမှု (Transition)ဆိုတာ အချို့ ကိစ္စတွေမှာ နှေးနှေးကွေးကွေး ပြောင်းလဲသွားတတ် သလို အချို့ကိစ္စတွေမှာ လျင်လျင်မြန်မြန် ပြောင်းလဲသွားတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအား ဖြင့် ကျွန်တော်တို့ပုံနှိပ်လောကမှာ ခဲစာလုံးခေတ်ကနေ ကွန်ပျူတာခေတ်ကို ပြောင်းလဲ သွားသလို၊ ကြိုးဖုန်းစနစ်ကနေ လက်ကိုင်ဖုန်းစနစ်ကို ပြောင်းလဲသွားသလိုမျိုး ရုပ်ကြွင်းလောင်စာ ခေတ်ကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ခေတ်ကို လျင်လျင်မြန်မြန်ပြောင်းလဲဖို့ အရေးကြီးတဲ့ အခြေအနေသုံးရပ်ကို အသိပေးတပ်လှန့်နှိုးဆော်ထားပြီးဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ ရုပ်ကြွင်းလောင်စာစွမ်းအင်အစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကာလကတည်းက ပြင်ဆင်ဆောင်ရွက်လာတာ ယခုအခါ EV ကား ထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံဖြစ်နေပါပြီ။ လျှပ်စစ်စွမ်းအင်အခြေပြုနိုင်ငံပုံစံကို အရှိန်အဟုန်နဲ့ ကူးပြောင်း လိုက်တာကြောင့် ရေရှည်မှာ ရာသီဥတုကို ထိခိုက်စေတဲ့ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့နည်းသွားစေပါတယ်။ တရုတ်နိုင်ငံဟာ အနာဂတ်လျှပ်စစ်ခေတ်ကို ခေါင်းဆောင်နေရာယူ လိုက်ပြီဖြစ်လို့ အမေရိကန်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ဒီအသွင်ကူးပြောင်းမှုမှာ မဖြစ်မနေလိုက်ပါ ကျော်ဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

 

EV အားသာချက်များ

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ငါးနှစ် အစောပိုင်းကာလကတည်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချဖို့ စတင်ဆောင်ရွက်လာတာဖြစ်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှာ လျှပ်စစ်ကား (EV-Electric Vehicle) တွေ သုံးစွဲဖို့ တိုက်တွန်းရခြင်းဟာ EV ကားတွေသုံးစွဲတာကြောင့် ပြည်ပက လောင်စာဆီ ဝယ်ယူတင်သွင်းနေရတဲ့ နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေတာ၊ လောင်စာဆီသုံးကား အသုံးပြုတဲ့အတွက် ပေါ်ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အဆိပ်ဓာတ်ငွေ့ကြောင့် လူနဲ့သက်ရှိ တွေ ထိခိုက်ပျက်စီးစေတာတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ EV ကားတွေမှာ မောင်းနှင်ဖို့ စုဖွဲ့ တည်ဆောက်ထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်မှုနည်းပြီး ပေါ့ပါးစွာ တည်ဆောက်ထားလို့ စက်သုံးဆီ ကားတွေလို ဆူညံတာ၊ ပျက်စီးယိုယွင်းမှုကို ထိန်းသိမ်းတာ အလွန်နည်းပါးပါတယ်။

 

EV ကားတွေရဲ့ အလေးချိန်နဲ့ စွမ်းအားပေးနိုင်မှုအချိုးဟာ စက်သုံးဆီကားတွေနဲ့ နှိုင်းယှဉ်ရင် ကွာခြားမှု များပါတယ်။ စက်သုံးဆီကားတွေဟာ ခရီးအကွာအဝေး များများမောင်းလေ စက်သုံးဆီနဲ့ ပြင်ဆင် စရိတ်များပါတယ်။ EV ကားတွေဟာ ခရီးအကွာအဝေးများပေမယ့် ကုန်ကျစရိတ်သက်သာပြီး ပြင်ဆင်စရိတ်လည်း နည်းပါးပါတယ်။ EV ကားတွေဟာ စက်သုံးဆီကားတွေထက် ပေါ့ပါးပြီး ကမ္ဘာ မြေရဲ့ ဗဟိုချက်ဆွဲငင်အားမှာ မြေပြင်နဲ့ ပိုမိုနီးကပ်တာကြောင့် အရှိန်နဲ့ကွေ့ရင်ဖြစ်ဖြစ်၊ အရှိန်နဲ့ မောင်းရင်ဖြစ်ဖြစ် တော်ရုံတန်ရုံ တိမ်းမှောက်မှုမရှိ နိုင်ပါဘူး။ ခရီးဝေးသွားရင်လည်း ကားဘီးပွန်းစားမှု လျော့နည်းစေတာကြောင့် ကားဘီးသက်တမ်း ကြာရှည်ခံပြီး ကုန်ကျစရိတ်လျော့နည်းစေတာတွေ ဟာ EV ကားတွေရဲ့ အားသာချက်တွေဖြစ်ပါတယ်။ ဒါ့အပြင်ဈေးကြီးတဲ့စက်သုံးဆီအပြင် အင်ဂျင်ဝိုင် လို ချောဆီတွေ ထည့်သွင်းအသုံးပြုဖို့ မလိုအပ်တဲ့အတွက် ကုန်ကျစရိတ်တွေ သိသိသာသာလျော့နည်း သက်သာစေပါတယ်။

 

EV ကားတွေကို အဓိကစွမ်းအားဖြည့်ပေးရတဲ့ ဘက်ထရီရဲ့တန်ဖိုးကြီးမြင့်ပေမယ့် တစ်နေ့တခြား နည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အတူ အရည်အသွေးမြင့်မားတဲ့ ဘက်ထရီတွေကို ပညာရှင်တွေက ကြိုးပမ်းတီထွင်ပေးနေတဲ့အတွက် များမကြာမီကာလမှာ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာတဲ့ ဘက်ထရီတွေပေါ်ပေါက်လာ မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ EV ကား လုပ်ငန်းစီမံချက်၊ လမ်းပြမြေပုံကို (၂၀၃၀-၂၀၅၀)အထိ ရေးဆွဲထား တယ်လို့သိရပါတယ်။ အခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချမှတ်ထားတဲ့မူဝါဒတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပြီး EV ကားသုံးစွဲမှု တစ်စတစ်စ မြင့်တက်လာမယ်ဆိုရင် ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုနေရတာတွေ၊ စက်သုံးဆီ အတွက် နိုင်ငံခြားငွေကုန်ကျစရိတ်တွေနဲ့ ပြည်သူတွေရဲ့ စက်သုံးဆီကုန်ကျစရိတ်တွေကို လျှော့ချပေး နိုင်မှာဖြစ်ပါတယ်။

 

ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲ

EV ကားတွေနဲ့ပတ်သက်လို့ စက်သုံးဆီကားတွေထက် အားသာချက်တွေ ရှိနေတာကိုများသောအားဖြင့် သိရှိနားလည် သဘောပေါက်လာကြပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ EV ကားတွေ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးကြရပါဦးမယ်။ EV ကားတွေကို သက်သာတဲ့နှုန်းထားနဲ့ ဝယ်ယူခွင့်ရရှိအောင် မူဝါဒချမှတ်ပေးတာတွေ လုပ်ကြရပါဦးမယ်။ EV ကားတွေကို လက်ငင်းငွေပေးချေဝယ်ယူဖို့ အခက်အခဲရှိသူများတာကြောင့် အရစ်ကျစနစ်နဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ပြီး ရောင်းဝယ်နေကြတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ စွမ်းအင်အကျပ်အတည်း မှာ EV ကားတွေရဲ့ အားသာချက်ဟာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ခရီးဘယ်လောက်ဝေးဝေး စွမ်းအင် ကုန်ကျစရိတ် အနည်းငယ်သာရှိတဲ့အတွက် တွက်ခြေကိုက်ပါတယ်။

 

EV ကားသုံးစွဲသူတွေ အဆင်ပြေချောမွေ့စေဖို့ အတွက် Charging Station တွေကို မြို့ကြီးတွေနဲ့ ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမှာ တည်ဆောက်ပေးထားလို့ အဆင်ပြေနေပြီဖြစ်ပါ တယ်။ ကျန်တဲ့ဒေသတွေရဲ့ ဆက်သွယ်ရေးလမ်း ကြောင်းတွေပေါ်မှာ အချိန်တိုအတွင်း Charging ဖြည့်သွင်းနိုင်တဲ့ Fast Charging System တွေ၊ Servicing တွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူတွေ ပူးပေါင်း ပြီး ပေါင်းစပ်စီမံဖြည့်ဆည်းပေးတာ၊ ပြည်သူတွေနဲ့ အစိုးရဌာနအဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် Down payment and Installment စနစ်နဲ့ ပေါင်းစပ်ရောင်းချပေးတာ စတဲ့အစီအစဉ် တွေကို စီမံပေးနိုင်မယ်ဆိုရင် အနာဂတ်မှာ ကြုံတွေ့ လာရမယ့် ရုပ်ကြွင်းလောင်စာခေတ်၏ အဆုံးသတ် ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အစားထိုးမယ့် EV ကားသုံးစွဲမှု ထွန်းကားလာမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။