ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၂ မေ 

 


ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ ရေးဆွဲနိုင်ရန်အတွက် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေရေးဆွဲရေးကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် ပြင်ဆင်သုံးသပ်ရေးနှင့် နည်းဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့အစည်းအဝေးသည်  ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ ရေးဆွဲနိုင်ရန်အတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဥပဒေရေးဆွဲပြီးဖြစ်သည့်အတွက် နည်းဥပဒေ ဆက်လက်ပေါ်ထွက်ရေးကို အချိန်တိုတိုနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသူများက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေကို တစ်ပိုဒ်ချင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ 

 


သတင်းစဉ်