ရုပ်ရှင် အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာစတူဒီယိုများ၌ “အပေး အယူ” ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းများ လာရောက်ရိုက်ကူး

ရန်ကုန်  ၁၂   မေ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင် အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စတူဒီယိုများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ Life + ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က “အပေး အယူ”ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ကို လာရောက် ရိုက်ကူးကြကြောင်း သိရသည်။

 

အဆိုပါ ဇာတ်ဝင်ခန်းများ လာရောက်ရိုက်ကူးမှုနှင့်ပတ်သက်၍ ဒါရိုက်တာစတီးလ်က “အခုနောက်ပိုင်း ရုပ်ရှင်ရိုက်ရင် စတူဒီယိုတွေမှာ ရိုက်တာများတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရုပ်ရှင်ထွန်းကားတဲ့နိုင်ငံတွေမှာလည်း စတူဒီယိုတွေပဲ အသုံးပြုတာ များတယ်။ ဒီမှာ ပုဂ္ဂလိက စတူဒီယိုဆိုတာ မရှိဘူး။ ဟိုးအရင်ကတည်းကလည်း ဒါကို ရုပ်ရှင်မြှင့်တင်ရေးလို့ ခေါ်တာပေါ့။ ဒီမှာရှိတဲ့ စတူဒီယိုတွေမှာပဲ ရိုက်ခဲ့ကြတယ်။ အခုနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ရုပ်ရှင်သမားတွေ အတွက် အဆင်ပြေအောင် အခုလို ပြုပြင်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ပိုပြီးအဆင် ပြေတယ်။ ဒီမှာ ဇာတ်ကားကို မေ ၁၅ ရက်အထိ ရိုက်ကူးဖို့ရှိတယ်။ ထောင်တို့၊ တရားရုံးတို့၊ ရဲစခန်းတို့ ဆက်တင်တွေ ပြင်ဆင်ထားတာရှိတယ်။ မော်ဒယ်ရှိုး လျှောက်တာရှိမယ်။ စတူဒီယိုတွေရှိတဲ့အတွက် ဆင်ပြီး ရိုက်ရတာ ပိုပြီးအဆင်ပြေ တယ်။ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ပတ်ဝန်းကျင် ကိုလည်း အနှောင့်အယှက် မဖြစ်ဘူး။ ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို အနှောင့်အယှက် မရှိဘူး။ အဲဒီလို အဆင်ပြေတဲ့အတွက် ဒီမှာ ပြင်ဆင်ပြီး ရိုက်ဖြစ်တာပါ။ 

 

စတူဒီယို သုံးခုလုံးကို ယူလိုက်ခြင်းအားဖြင့် အချိန်ပေးပြီး သေချာ ရိုက်ရတာ အဆင်ပြေတယ်။ စတူဒီယို တစ်ခုစီမှာ ဆက်တင်တွေ တစ်မျိုးစီ ဆင်ထားတဲ့အတွက် ရိုက်ရတာ ပိုအဆင်ပြေတယ်။ အဓိကက နေရာပဲ။ နေရာရှိရင် လိုချင်တဲ့ပုံ ဖော်ပြီး ဆက်တင်ဆိုတာ ပြုပြင်ပြီး ရိုက်သွားလို့ရတယ်။ စတူဒီယို သုံးခုလုံးကို တစ်ပြိုင်တည်း ပြင်ဆင်ပြီး ရိုက်တဲ့အတွက် အချိန်မကုန်တော့ဘူး၊ ကြိုပြင်ဆင်ထားတဲ့ အတွက် ရုပ်ရှင်ရိုက်ကူး ရတာ အဆင်ပြေတယ်။ ဒီမှာ ဇာတ်လမ်းရဲ့သုံးပုံ နှစ်ပုံ ရိုက်ကူးဖြစ်မယ်။ ဒီမှာပြီးရင် နေပြည်တော်၊ ပြင်ဦးလွင်နဲ့ ဗီယက်နမ်နိုင်ငံမှာ သွားရိုက်ဖို့ရှိတယ်။ ပြန်ကြား ရေးဝန်ကြီးဌာနက ကူညီပေးတဲ့အတွက် ရိုက်ကူးရေးမှာ အားလုံး အဆင်ပြေပါတယ်။ အခု ပြန်ပြုပြင်ပြီးတဲ့အချိန်မှာ မြင်တဲ့အတိုင်း ကားတွေအများကြီး ရပ်လို့ ရတယ်။ နေရာကျယ်တဲ့အတွက် လုပ်စရာတွေ အများကြီးလုပ်ခွင့်ရလာတယ်။ ဒီထက်ပိုပြီး စတူဒီယိုတွေကို ထပ်ပြီး ဖြည့်ဆည်းလို့ရရင် ဖြည့်ဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

 

ကလေးသရုပ်ဆောင် နန်းထိပ်ထားကလည်း “ သမီးက နေပြည်တော်က လာရိုက်တာပါ။ သရုပ်ဆောင်ရတာ ဝါသနာပါ ပါတယ်။ ဒါရိုက်တာက ခဏခဏ လေ့ကျင့်ပေးတဲ့အတွက် သရုပ်ဆောင်ရတာ အဆင်ပြေပါတယ်။ သမီးက ရွှေသမီးရဲ့ ညီမအနေနဲ့  သရုပ်ဆောင်ရတာပါ”ဟု ပြောသည်။

 

အကယ်ဒမီ ဇင်ဝိုင်းကလည်း “ကျွန်တော် ဒီဇာတ်ကားမှာ ရှေ့နေ နေရာက ပါဝင်ရတာဖြစ်ပါတယ်။  ဒီနေရာက အရင်တုန်းက မိသားစုအိမ်လိုပါပဲ။ ဒီမှာ ရိုက်ကူးရေး ရှိတယ်၊ ကား ဆက်တယ်၊  ကူး/ဆေးခန်း ရှိတယ်။ ရိုက်ကူးပြီး ဇာတ်ကား တွေကို ဒီမှာပဲ ပြန်ကြည့်တယ်။ အခု ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ပေးတဲ့အတွက် အခုဒီမှာ စတူဒီယို(၁) (၂) (၃) ဆိုပြီး ပြန်ပေါ်ထွန်းလာတယ်။ ဒီနေရာက ရုပ်ရှင် လောကသားတွေ သွားလို့ လာလို့  လွယ်ကူတယ်။ တစ်သီး တစ်သန့်လေးလည်း ဖြစ်တယ်။ ရိုက်ကူးရတာလည်း အဆင်လည်းပြေတယ်။ ရုပ်ရှင်သမားတွေအတွက်  အကျိုးရှိပါတယ်။ 

 

တကယ်တမ်း အဆင့်အတန်း မြင့်မားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ချင်တယ် ဆိုရင် စတူဒီယိုတွေဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။ စက်မှုပညာတွေ ထွန်းကားတဲ့၊ ရုပ်ရှင်ထွန်းကားတဲ့ နိုင်ငံတွေမှာ စတူဒီယိုဆိုတာကို မဖြစ်မနေ သုံးစွဲနေကြရတယ်။ စတူဒီယိုတွေရဲ့ အားသာချက်က တစ်အချက် တစ်သီး တစ်သန့်ဖြစ်တယ်၊ နှစ်အချက် အချိန်၊ ငွေ  ကုန်ကျစရိတ် သက်သာတယ်။ သုံးအချက်အနေနဲ့က အရေးကြီးဆုံး အချက်ပါ။ ပါဝင်ဖန်တီးကြတဲ့ အနုပညာရှင်တွေ၊ ဒါရိုက်တာက အစ၊ သရုပ်ဆောင်တွေ၊ ရုပ်ရှင်အဖွဲ့သားတွေကအစ ဒီဇာတ်ကားပေါ်မှာ အနုပညာ  ဈာန်ဝင်စားမှုတွေကို ထိန်းသိမ်းပေးနိုင်တယ်။ ဘေးက အနှောင့်အယှက်လည်း နည်းတယ်။ ဒါ စတူဒီယို တွေရဲ့ အားသာချက်ပါပဲ။ ဒီထက် ကြီးမားတဲ့ စတူဒီယိုတွေ ပေါ်ပေါက်ဖို့ လိုပါသေး တယ်။ ဒါမှသာ လိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေကို အထဲမှာ ဆက်တင်လုပ်ယူလို့ ရမှာပါ” ဟု ပြောသည်။

 

 “အပေး အယူ” ဇာတ်ကားတွင်   အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊   အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ ကလေး သရုပ်ဆောင် နန်းထိပ်ထားနှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၁ ရက်တွင်လည်းကောင်း၊ ရုပ်ရှင်စတူဒီယို(၁) (၂) (၃) တို့ကို ယခုနှစ် မတ် ၉ ရက် တွင်လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး စတူဒီယို(၁)ကို  ၁၆ ကြိမ်၊ စတူဒီယို(၂) ကို  ၃ ကြိမ်၊ စတူဒီယို(၃)ကို ၂ ကြိမ် ငှားရမ်း၍ ရုပ်ရှင်ဇာတ်ကားများ၊ တီဗီဇာတ်လမ်းများ၊ MTV များ၊ အင်တာဗျူးများ ရိုက်ကူးခဲ့ကြကြောင်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် ထံမှ သိရသည်။

 

သတင်း - ရီရီမြင့်၊ ဥမ္မာသန့်

 

ဓာတ်ပုံ - ရဲထွဋ်

 

DSC_8