ရုပ်ရှင်အနုပညာဖြင့် အပြန်အလှန်ဝိုင်းဝန်းကူညီ

mdn

နေပြည်တော် ၂၄ မေ

 

 

ရုပ်ရှင်အနုပညာလောကသည် ဖြတ်သန်းခဲ့သော ရာပြည့်ကာလအတွင်း နိုင်ငံနှင့်ပြည်သူ့အကျိုးကို အနုပညာ စွမ်းပကားဖြင့် ကျရာကဏ္ဍမှ အကျိုးပြု ခဲ့သည်ကို တွေ့ရသည်။ ပြည်သူတို့အား ဖျော်ဖြေရေးအတွက်သာမက နိုင်ငံ့အရေးအရာကိစ္စများတွင်လည်း အနုပညာရှင်တို့က ပါဝင်ကူညီခဲ့ကြ သည်။ အနုပညာရှင်များမှာ နိုင်ငံရေး အသွေးအရောင်မရှိဘဲ ပြည်သူ့အရေး အတွက်ဆိုလျှင် ရှေ့တန်းမှမားမားမတ်မတ်ရပ်တည်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် တိုင်းပြည်ကာကွယ်ရေး၊ တိုင်းပြည်စည်းလုံးရေးတို့တွင် အနုပညာရှင်များက စိတ်ခွန်အားများ ပေးခဲ့ကြသလို စာတတ်မြောက်ရေးကဲ့သို့ အမျိုးသားရေးစသည့် လူထု လှုပ်ရှားမှုများတွင်လည်း ပါဝင်အားပေးကူညီခဲ့ကြသည်။ ရုပ်ရှင်အနုပညာ ဖြင့် ပြည်သူတို့အား အသိပညာ၊ ဗဟုသုတနှင့်စိတ်အပန်းဖြေမှုတို့ကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။ ထိုခေတ်ထိုကာလက ရုပ်ရှင်အနုပညာသည် ပြည်သူတို့ တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသော ရွှေခေတ်ဖြစ်သည်။

 

မျက်မှောက်ကာလတွင် နည်းပညာခေတ်သို့ ပြောင်းလဲလာသည်နှင့် အတူ ရုပ်ရှင်အနုပညာကဏ္ဍမှာလည်း မှေးမှိန်လာခဲ့သည်။ အနုပညာရှင် များသည် အနုပညာအလုပ်တစ်ခုတည်းသာ၎င်းတို့၏အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်၍ မျက်မှောက်ကာလ၌ အခြေခံရုပ်ရှင်အနုပညာလောကသားများ၏ ဘဝများမှာ ခက်ခဲ ကျပ်တည်းလာခဲ့သည်။ ယင်းကို ရုပ်ရှင်အနုပညာလောကသားအချင်းချင်း ရိုင်းပင်းကူညီမှုများ ပြုလုပ်လာကြသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ရုပ်ရှင်အနုပညာလောကသား များသာမက နိုင်ငံတော်နှင့်ပြည်သူတို့ကလည်း ဝိုင်းဝန်းကူညီဖေးမပေးကြ ရမည်ဖြစ်သည်။

 

ရုပ်ရှင်အနုပညာသည် ပြည်သူတို့အား စည်းရုံးဆွဲဆောင်နိုင်သော လောကသားများဖြစ်သည်။ ပြည်သူ တို့ချစ်မြတ်နိုးသော ရုပ်ရှင်အနုပညာ ရှင်များ၏ စည်းရုံးမှုသည် ပိုမိုထိရောက်အောင်မြင်နိုင်သည်။ ထို့ကြောင့်ဖျော်ဖြေရေးလုပ်ငန်းများတွင်သာမက တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် ရုပ်ရှင်အနုပညာရှင်များ၏ အားကို ရယူကြရမည်ဖြစ်သည်။ လိုအပ်နေသော ရုပ်ရှင်အနုပညာလောက၏ ကွက်လပ်များကို ဝိုင်းဝန်း ဖြည့်ဆည်းပေးရင်း လူထုလောက၏ ကွက်လပ်များတွင်လည်း ဝိုင်းဝန်းဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။

 

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါကို တစ်ကမ္ဘာလုံးရင်ဆိုင် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံတွင်လည်း အလားတူကြုံတွေ့ရင်ဆိုင်နေရသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ရောဂါ ကာကွယ်ရေး အပိုင်း၌ လိုက်နာမှုအားနည်းနေသည်ကို တွေ့ရသည်။ လက်ဆေးရန်၊ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို အကာအကွယ်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးဝေးဝေးနေရန်တို့တွင် လိုက်နာမှုအားနည်းနေသည်။ ယင်းအချက် များနှင့်ပတ်သက်၍ အချို့အနုပညာရှင်တို့၏ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှုများကို ဝမ်းမြောက်ဖွယ် တွေ့ရသည်။

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်ကုသရေးတွင် ရှေ့တန်းမ ှဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုယ်ချင်းစာပေးကြရန်နှင့် ၎င်းတို့အား ကူညီသောအားဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများဝတ်ဆင်ကြရန် တိုက်တွန်းပြောကြား ပေးကြသည်။ ပြည်သူများမှာ မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါဖြစ်လျှင် ကြောက်ရွံ့ တတ်ကြပြီး ရောဂါမဖြစ်လျှင် ပေါ့ပေါ့ဆဆ နေထိုင်တတ်ကြသည်။ ရာသီဥတုပူပြင်းသဖြင့် အသက်ရှူရခက်သည်ကို နားလည်သော်လည်း ရောဂါ ကင်းဝေးရေးအတွက် အလေ့အကျင့် ဖြစ်အောင် အကွယ်အကာများကို ဝတ်ဆင်ကြရန်လိုအပ်ပေသည်။

 

အထူးသဖြင့် ပြောရဆိုရခက်ခဲနေသောနှာခေါင်းစည်းများဝတ်ဆင်ရေးကို သက်ဆိုင်ရာတို့က စဉ်ဆက်မပြတ် အသိပေးနေသော်လည်း လိုက်နာမှု အားနည်းနေသေးသဖြင့် အနုပညာရှင်များ၏ ပူးပေါင်းကူညီဆောင်ရွက် ပေးမှုဖြင့် ပိုမိုထိရောက်အောင် လုပ်ဆောင်မှုကို လိုလားလျက်ရှိသည်။ ယခုကာလတွင် အနုပညာလောကတွင် သာမက လူထုကြားတွင်ပါ အခက်အခဲရှိနေသူများအား စေတနာရှင်နှင့်အနုပညာရှင်များ ဝိုင်းဝန်းကူညီ ပေးနေမှုများမှာ ဝမ်းမြောက်စရာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆောင်ရွက်နေသောအခါ၌ လိုအပ်သော နေရာများတွင် အနုပညာရှင်များနှင့် စေတနာရှင်များ ဝိုင်းဝန်းကူညီမှုများကို ကြိုဆိုပါသည်။

 

သို့ဖြစ်ရာ ကိုဗစ်၁၉ ရောဂါကင်းဝေးရေးအတွက် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများ အထူးလိုနေပါ သည်။ ထိုလိုအပ်နေသော ကွက်လပ်ကိုဖြည့်ဆည်းနိုင်ရန်အတွက် အနုပညာလောကသားများကို ကူညီ ဆောင်ရွက်ပေးမှုများနှင့်အတူ ပြည်သူလူထုအတွင်း လက်ကိုဆေးကြော သည့် အလေ့အကျင့်ကောင်းများ၊ နှာခေါင်း၊ မျက်နှာအကာအကွယ် တပ်ဆင်သည့် အပြုအမူများ တိုးပွားလာအောင် ထိရောက်သော အသိပညာ လှုံ့ဆော်မှုများပေးစွမ်းနိုင်သည့် အနုပညာရှင်များ၏စွမ်းပကားဖြင့် ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ