ရုရှား တီယူ -၁၆၀ မဟာဗြူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စီး ဗင်နီဇွဲလား ရောက်ရှိ

ရုရှား တီယူ -၁၆၀ မဟာဗြူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စီးသည် အတ္တလန္တိတ်သမုဒ္ဒရာ ၊ဘားရတ်စ် ၊ နော်ဝေဂျီယံ နှင့် ကာရစ်ဘီယံ ပင်လယ်တို့ကို ကျော်ဖြတ်၍ ကီလိုမီတာ တစ်သောင်း အကွာအဝေးရှိ ဗင်နီဇွဲလားမြို့တော်အနီး မယ်ကွီတီယာ ရှိ ဆိုင်မွန် ဘိုလီဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ဆိုက်ရောက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန မှ  ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲလေယာဉ်များသည် လုံးဝလေးစားလိုက်နာပြီး ၎င်းလေပိုင်နက်အသုံးပြုခြင်းနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ်လိုက်နာခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ထပ်လောင်း ဖော်ပြထားသည်။

ရုရှား သတင်းထုတ်ပြန်ချက်များအရ  ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနို လိုပက်ဒ် က ယင်း ရုရှား ဗုံးကြဲလေယာဉ်များကို ကြိုဆိုလက်ခံကြောင်း ၊ ဗင်နီဇွဲလား အနေဖြင့် လိုအပ်ချိန်တွင် ခုခံကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုင်ငံများအကြား လေးစားမှုကို အခြေခံပြီးထောက်ခံ အားပေးသည့် နိုင်ငံများနှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား  တီယူ -၁၆၀ မဟာဗြူဟာမြောက် ဗုံးကြဲလေယာဉ်များသည် ယခုကဲ့သို့ပျံသန်းသည်မှာ ပထမအကြိမ် မဟုတ်ကြောင်း ၊ ထိုကဲ့သို့သော လေယာဉ်များသည် ၂၀၀၈ ခုနှစ် စက်တင်ဘာ နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ - နိုဝင်ဘာတို့တွင် ဗင်နီဇွဲလားသို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို