ရုရှားဗုံးကြဲလေယာဉ်များ ဘာရင်းပင်လယ်ပြင်ပေါ် လေ့ကျင့်ပျံသန်း

မော်စကို ၉ သြဂုတ်

ရုရှားနိုင်ငံ၏ဗုံးကြဲလေယာဉ်နှစ်စင်းသည် အမေရိကန်တိုက်လေယာဉ်များ ခြံရံလိုက်ပါလျက် ဘာရင်းပင်လယ်ပြင်ပေါ် ၁၀ နာရီကျော်ကြာအောင် ဖြတ်ကျော် လေ့ကျင့်ပျံသန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗုံးကြဲလေယာဉ်များသည် သမုဒ္ဒရာ ပြင် ၂၀၁၉ ရေတပ်လေ့ကျင့်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် လေ့ကျင့်ပျံသန်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်နှစ်စင်းသည် ဘာရင်းပင်လယ်ပြင်၏ နိုင်ငံတကာ ရေပိုင်နက်ပေါ် ဖြတ်ကျော်ကာ လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြခဲသည်။

ဗုံးကြဲလေယာဉ်များပျံသန်းမှုကို အမေရိကန် လေတပ်မှ အက်ဖ် ၂၂ နှင့် အက်ဖ် ၁၈ ဂျက်တိုက် လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ စည်းမျဉ်းများကို အပြည့်အဝ လိုက်နာခဲ့ပြီး အာတိတ်ဒေသ၊ အတ္တလန္တိတ်သမုဒ္ဒရာ၊ ပင်လယ်နက်နှင့် ပစိဖိတ်သမုဒ္ဒရာများအတွင်း ခရီးရှည် ပျံသန်းလေ့ကျင့်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆင်ဟွာ