ရုရှားက တာဝေးပစ်ဒုံးကျည်များနှင့် အသံထက်ပိုမြန်သော ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

ရုရှားအစိုးရက ယူကရိန်းနှင့် တင်းမာမှုများ မြင့်တက်လျက်ရှိစဉ် တာဝေးပစ်ဒုံးကျည်များနှင့် အသံထက်ပိုမြန်သော ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းပါဝင်သည့် စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံတစ်ဝန်း၌ လုပ်ဆောင်ခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို တိုက်ရိုက် ညွှန်ကြားခဲ့ကြောင်း ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ယင်းသို့ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံ၏ မဟာဗျူဟာကျသည့် ကာကွယ်ရေး စွမ်းပကားများ ပိုမိုတောင့်တင်းခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ရေးလေ့ကျင့်မှုများတွင် အာကာသတပ်ဖွဲ့များနှင့် မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့များ ပါဝင်သည်။

 

အသံထက်ပိုမြန်သော ဒုံးကျည်များ၊ တိုက်ချင်းပစ် ဒုံးကျည်များနှင့် တာတိုပစ်ဒုံးကျည်များကိုလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

 

သမ္မတပူတင်က စစ်ရေးလေ့ကျင့်မှုများအတွင်း ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင် ကြီးကြပ်ညွှန်ကြားသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံပိုင်သတင်းစာက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

 

ထို့ပြင် သမ္မတ ပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လုကာရှန်ကို တို့က နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကြည့်ရှုခဲ့ကြောင်း သိရသည်။ ရုရှားနှင့် ဘီလာရုစ် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်