ရုရှားလေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ အတိုက်အခံခေါင်းဆောင်ကို ချက်ချင်း ဖမ်းဆီး

မော်စကို၊  ၁၈ ဇန်နဝါရီ

ရုရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် အယ်လက်ဆီ နာဗာလ်နီ ဟာ အဆိပ်မိခဲ့တဲ့အတွက် ဂျာမနီနိုင်ငံမှာ လပေါင်းများစွာ ဆေးကုသခံယူခဲ့ပြီးနောက် မော်စကိုရှိ ရှီမီ တီယာဗို လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာစဉ်  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

 

နာဗာလ်နီ အဖမ်းခံရတဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်အစိုးရတွေ၊ ကနေဒါ အစိုးရတွေနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ထိပ်တန်းအကြံပေးတွေကပါ နာဗာလ်နီအားချက်ချင်း လွှတ်ပေးရန် တောင်းဆိုနေကြပါတယ်။။ ဥရောပသမဂ္ဂ အဖွဲ့ဝင် အချို့က ရုရှားအား ပိတ်ဆို့အရေးယူရန်အထိ ပြောဆိုမှုတွေ ရှိနေတာကိုလည်း  တွေ့ရပါတယ်။

 

အသက် ၄၄ နှစ်အရွယ် နာဗာလ်နီအား ဘာလင်ကနေ မော်စကို အရောက်မှာ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က နိုင်ငံကူးလက်မှတ်စစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက နာဗာလ်နီအားဖမ်းဆီးခြင်းကို အမေရိကန်အနေနဲ့ လုံးဝရှုတ်ချကြောင်း ပြောကြားသလို ဉရောပသမဂ္ဂ ဥက္ကဋ္ဌ ကလည်း နာဗာလ်နီ အား ဖမ်းဆီးခြင်းဟာ လုံးဝလက်မခံနိုင်ကြောင်း တွစ်တာမှာရေးသားထားပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ အမျိုးသမီးက နိုင်ငံတကာက ခေါင်းဆောင်းတွေကို နိုင်ငံတကာဉပဒေ အလေးထားရန်နဲ့ ကိုယ့်နိုင်ငံတွင်းက ပြဿနာတွေကို ကိုင်တွယ်ရန် ဆိုရှယ်မီဒီယာ Facebook ကနေ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

 

နာဗာလ်နီဟာ ရုရှားနိုင်ငံတွင်းက လာဘ်ပေးလာဘ်ယူမှုကို ဆန်ကျင့်သူ ဘလော့ဂါ တစ်ဦးဖြစ်သလို  လမ်းမတွေပေါ် အစိုးရဆန့်ကျင်ရေး ဦးဆောင်သူအဖြစ် ဆယ်စုနှစ် တစ်စုအကြာ လူသိများသူဖြစ်ပါတယ်။

MDN

ကိုးကား - AFP