ရုရှားနိုင်ငံအလယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွား လူ သုံးဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

၁၃ အောက်တိုဘာ

 

ရုရှားနိုင်ငံအလယ်ပိုင်း နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်ဒေသရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူ သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တက်စ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ သေနတ်သမားကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ရှာဖွေမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း တက်စ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ကနဦးထုတ်ပြန်ချက်တွင် ယင်းပစ်ခတ်မှုကြောင့် လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု  ဖော်ပြထားသည်။

 

ထိုပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူများကို လိုအပ်ပါက ဒေသဆိုင်ရာ ကုသရေးစင်တာများသို့ ရွှေ့ပြောင်းသွားမည် ဖြစ်သည်။

 

လူနာတင်လေယာဉ်များကို အချိန်မရွေးအသုံးပြုရန် အသင့်လုပ်ထားသည်ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး နစ်ကီတင်၏ ပြောကြားချက်ကို ကိုးကားပြီး RIA Novosti သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ထိုသေနတ်သမားတွင် လက်နက်ရှိနေသဖြင့် အန္တရာယ်ရှိနေဆဲဖြစ်ပြီး ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် ရဲတပ်ဖွဲ့က သတိပေးပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို