၁၇ ဩဂုတ်
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး အမြောက်အမြားကို ဝယ်ယူဖို့ အသင့်ရှိနေတယ်လို့ ပြောကြားကြောင်း အစိုးရပိုင်သတင်းဌာနရဲ့ သောကြာနေ့ထုတ် သတင်းစာမှာ ရေးသားထားပါတယ်။
ရုရှားနိုင်ငံကထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး အကျိုးသက်ရောက်မှု ရှိ၊မရှိအပေါ် ကမ္ဘာက သံသယရှိနေပေမယ့် ဗီယက်နမ်နိုင်ငံက ဝယ်ယူမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။
ဗီယက်နမ်ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးဝယ်ယူဖို့ သဘောတူပြီးနောက်မှာ ရုရှားနိုင်ငံက လှူဒါန်းမယ့် ဆေးပမာဏအပါအဝင် ဗီယက်နမ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၅၀ လောက်ရရှိမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
လူဦးရေ ၉၅ သန်းနေထိုင်တဲ့ ဗီယက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကအားကျနေခဲ့ပေမယ့် ရက် ၁၀၀ နီးပါးအကြာမှာတော့ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန်လည် တွေ့ရှိခဲ့ပါတယ်။
ကမ္ဘာမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်နိုင်ကြောင်း၊ အဲဒီဆေးကနေ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားကိုဆက်လက် ဖြစ်စေနိုင်ကြောင်း၊ လူတွေနဲ့ စမ်းသပ်နေတာ နောက်ဆုံးအဆင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။
ဒါနန်းအပန်းဖြေကမ်းခြေမှာ ပြီးခဲ့လက ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ဗိုင်းရပ်စ် သတိပေးအဆင့် ပြန်ရောက်ရှိပြီး နေရာတချို့မှာ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ရုရှားရဲ့ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို ဘယ်အချိန်မှာ ရရှိမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမရှိပါဘူး။
နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၆၄ ဦးရှိပြီး သေဆုံးသူ ၂၄ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP