ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်း အလွန်မြန်ဆန်နေပြီး အစိုးရအဖွဲ့ဝင်အများအပြား ရောဂါကူးစက်ခံထားရ

မော်စကို ၂၉ အောက်တိုဘာ

ရုရှားနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြန်ဆန်လျက်ရှိပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့သည်လည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူတစ်ဦးနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သောကြောင့် တစ်ကိုယ်ရေသီးခြား နေထိုင်ကာ ကန့်သတ်စောင့်ကြည့်မှု ခံယူရလျက်ရှိ ကြောင်း သိရသည်။

ယခုရက်သတ္တပတ်တွင် ရုရှားနိုင်ငံ၏ ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်ဖြစ်ပွားမှု အရေအတွက်သည် အမြင့်ဆုံး အထိရောက်ရှိခဲ့ပြီး ရောဂါကူးစက်မှု ပိုမိုအရှိန်မြင့်လာသည့် စက်တင်ဘာလမှစတင်ကာ တစ်ရက်လျှင် ရောဂါ ကူးစက်ခံရသူ ၁၇၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၂၀ အထိ ရှိကြောင်း သိရသည်။ မော်စကိုမြို့သည် ရောဂါကူးစက် ပျံ့နှံ့ရာ ဗဟိုချက်မဖြစ်လျက်ရှိသည်။

မြို့တော်ရှိ ဘွိုင်ရှိကဇာတ်ရုံတာဝန်ရှိသူက ကဇာတ်ရုံမှ အကသမားများနှင့် ဝန်ထမ်းပေါင်း ၁၂၄ ဦးတို့ ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပါလီမန်လွှတ်တော် အဖွဲ့ဝင် ၉၁ ဦးတို့တွင်လည်း ကိုဗစ်- ၁၉ ကူးစက်ခံထားရပြီး ယင်းပမာဏသည် ပါလီမန်လွှတ်တော်တစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း ပါလီမန်အောက်လွှတ်တော် အကြီးအကဲက အောက်တိုဘာ ၂၇ ရက်တွင် သမ္မတ ဗလာဒီမာပူတင်ထံ အစီရင်ခံခဲ့သည်။

မော်စကို၌ ရောဂါကူးစက်မှု ပြင်းထန်နေသည့်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က ညဈေးများနှင့် ညကလပ်များကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ သို့ရာတွင် အာဏာပိုင်များသည် နိုင်ငံစီးပွားရေး ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် တစ်မြို့လုံး အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုကဲ့သို့ တင်းကျပ်သည့်စည်းကမ်းများ ချမှတ်ရန် တုံ့ဆိုင်းလျက်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ