ရုရှားနိုင်ငံရေးသမားများ Facebook မှတစ်ဆင့် ဗြိတိန်အား နိုင်ငံရေးအရ စွက်ဖက်မှု ရှိမရှိ ကုမ္ပဏီမှ ပြန်လည်စစ်ဆေးမည်

ဆန်ဖရန်စစ္စကို ၁၈ ဇန်နဝါရီ

 

ဗြိတိန်နိုင်ငံဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ဥရောပ အဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက် ရှိမလား၊ ထွက်မလား ဆိုတဲ့ ဆန္ဒမဲပေးပွဲတွင် ရုရှားနိုင်ငံရေး သမားများက လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုတွေ လုပ်ခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ မှတ်တမ်းတွေကို  နှံ့နှံ့စပ်စပ် ပြန်လည်ရှာဖွေ သွားမည်ဖြစ်ကြောင်း Facebook Inc ကုမ္ပဏီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

 

ဗြိတိန် ဥပေဒပြု အမတ်အချို့ကတော့ Facebook ဟာ ရုရှားရဲ့ ကြိုးကိုင်မှုနဲ့ ပြီးခဲ့တဲ့ ဆန္ဒမဲပေးပွဲမှာ ကြားဝင်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး ရှာဖွေမှုတွေကို ကန့်သတ်ထားတယ်လို့ စောဒက တက်ထားကြောင်းလည်း သိရပါတယ်။

 

ရုရှားနိုင်ငံဟာ ဥရောပ အဖွဲ့ဝင် နိုင်ငံများ အဖွဲ့ကနေ ဗြိတိန်နှုတ်ထွက်ဖို့နှင့် ၂၀၁၆ က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လူမှုကွန်ယက် နည်းပညာတွေ သုံးပြီး ရုရှားက စွက်ဖက်မှုတွေ ရှိတယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။

 

Facebook အပြင် အခြားနည်းပညာ ကုမ္ပဏီကြီးများဖြစ်တဲ့ Twitter, Google နဲ့ Youtube လို ကုမ္ပဏီကြီးများဟာလည်း ဥရောပနဲ့ အမေရိကန် နိုင်ငံများရဲ့ နိုင်ငံရေး ရွေးကောက်ပွဲများမှာ ၎င်းတို့ နည်းပညာများကို အသုံးပြုပြီး ဝင်ရောက် စွက်ဖက်မှုများ၊ ဝါဒဖြန့်ချိမှုများအား ရပ်တန့်ပေးရန်နဲ့ အဆိုပါ စွက်ဖက်မှုများကို ပြန်လည် စုံစမ်း စစ်ဆေးပေးဖို့ ဖိအားပေး ခံနေရကြောင်းလည်း သိရပါတယ်။

 

Facebook အနေနဲ့ ဗြိတိန်မှာ ယခင်က သတင်း အချက်အလက်တွေကို ပြန်လည် ရှာဖွေဖို့ဟာ ကုမ္ပဏီရဲ့ လုံခြုံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများစွာ လိုအပ်ကြောင်း ဗြိတိန် အခြေစိုက် facebook မူဝါဒရေးရာ ညွှန်ကြားရေးမှူး Simon Milner က ဗြိတိန် ပါလီမန်ရဲ့ ဒီဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ Damian Collins ဆီ လိပ်မူပြီး  စာတစ်စောင် ရေးသားပေးပို့ ခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရပါတယ်။ အဲဒီစာထဲမှာ “စုံစမ်း စစ်ဆေးမှုကို ချက်ချင်း ဆောင်ရွက်သွားမှာပါ။ အလုံးစုံ ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ ဆိုရင်တော့ ရက်သတ္တပတ် အနည်းငယ် ကြာနိုင်မယ်” လို့ ပါရှိပါတယ်။

 

MDN