ရုရှားနိုင်ငံသား ၁၀၀ ခန့် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်လျက်ရှိ

 

ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၁

ရုရှားနိုင်ငံသား ၁၀၀ ခန့်သည် မြောက်ကိုရီးယားသို့ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ပြီး သွားရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် နယ်စပ်ထိန်းချုပ်မှုများကို တင်းကြပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံသားခရီးသွားများသည် မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးဝင်ရောက်သည့် နိုင်ငံခြားသား ခရီးသည်များဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက သတင်းဖော်ပြသည်။

ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု ကတိပြုပြီးနောက် အဆိုပါခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံသား ၁၀၀ ခန့်ပါဝင်သော ခရီးသွားအဖွဲ့သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ ဗလာဒီဗော့စတော့ခ်မြို့မှ ပြုံယမ်းသို့ ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ထွက်ခွာခဲ့သည်။ အဆိုပါခရီးစဉ်တွင် ပါဝင်သည့် ခရီးသွားအရေ အတွက်သည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ကြောင်း ခရီးစဉ်ကိုစီစဉ်ပေးသည့် ခရီးသွား အေဂျင်စီက ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်များသည် ပြုံယမ်းအပါအဝင် မြို့၏အရှေ့ဘက်ပိုင်းရှိ နှင်းလျှောစီးအပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။  မြောက်ကိုရီးယားသည် နိုင်ငံ၏ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် စက်တင်ဘာလတွင် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်