ရုရှားနိုင်ငံတွင် အပူဇော်ခံထားရှိမည့် ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ သွန်းလောင်းမှု ရာနှုန်းပြည့်ပြီးစီး

၂၃ မေ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် တည်ထားကိုးကွယ်မည့် စေတီတော်ကြီး၌ အပူဇော်ခံထားရှိမည့် ကြေးသွန်းရုပ်ပွားတော် အဆူ ၃၀ သွန်းလောင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိသည့် ဉာဏ်တော် ၁၁ ပေရှိ ပုဂံခေတ်လက်ရာ ရပ်တော်မူရုပ်ပွားတော်နှင့် ပလ္လင်တင်ကဲတော်များ ဆက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

ရုပ်ပွားတော် အဆူ ၃၀ တွင် ပျူခေတ်ဦး၊ ပျူခေတ်နှောင်း၊ ပုဂံခေတ်ဦး၊ ပုဂံခေတ်လယ်၊ ပုဂံခေတ်နှောင်း၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ်၊ ရှမ်းဆင်းတုတော်၊ ရခိုင်ဆင်းတုတော်၊ မွန်ဆင်းတုတော်၊ အိန္ဒိယနိုင်ငံ ကက်ရျှမီးယားခေတ်၊ ဂုတ္တခေတ်မှ ဆင်းတုတော်၊ ထိုင်းနိုင်ငံ ဒွါရဝတီခေတ်ဆင်းတုတော်၊ ဆူကိုထိုင်းခေတ်ဆင်းတုတော်၊ ဘင်္ဂလားဒေ့နိုင်ငံ ပါလခေတ်ဆင်းတုတော်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆင်းတုတော် ပုံသဏ္ဌာန်များ သွန်းလောင်းထားခြင်းဖြစ်သည်။

ဆင်းတုတော်များအား သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်မှ ကြီးကြပ်ဦးစီးကာ ပြည့်ဝကြေးသွန်းလုပ်ငန်းမှ တာဝန်ယူသွန်းလောင်းခဲ့ခြင်းဖြစ်သည်။ ဆင်းတုတော်များကို သီတဂူဆရာတော်ကြီးကိုယ်တိုင် မေလ၂၁ ရက်နေ့က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးမြ (မန္တလေး)