နေပြည်တော် ဇူလိုင် ၆

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့သည် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံဗဟိုဘဏ်၌ တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မော်စကိုမြို့ရှိ စဘားဘဏ် (Sber Bank) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ၎င်းဘဏ်၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စဘားဘဏ်ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော ဆိုက်ဘာလုံခြုံရေးနည်းပညာ၊ ငွေကြေးလိမ်လည်မှု စိစစ်တိုက်ဖျက်ရေးနည်းပညာ၊ မိုဘိုင်းဖုန်းနှင့် ကတ်မလိုအပ်ဘဲ ဇီဝအချက်အလက် (Biometrics) အသုံးပြုနည်းပညာတစ်ခုဖြစ်သည့် "Smile Pay" ငွေပေးချေမှုစနစ်တို့ကို ရှင်းလင်းဆွေးနွေးသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁ ရက်မှ ၃ ရက် အထိ စိန့်ပီတာစဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံဗဟိုဘဏ်မှ ကျင်းပသည့် ငွေရေးကြေးရေး ညီလာခံသို့ တက်ရောက်ပြီး နိုင်ငံတကာငွေရေးကြေးရေးဈေးကွက်တွင် နည်းပညာအသစ်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ငွေရေးကြေးရေးဈေးကွက်တွင် ရုရှားရူဘယ်လ်ကိုအခြေခံသည့် ဒီဂျစ်တယ်ပလက်ဖောင်းအသုံးပြုမှုများ၊ ခရစ်တိုငွေကြေးသုံးစွဲလာမှုနှင့်အတူ ဘဏ်လုပ်ငန်းကြီးကြပ်သူများ၏ စည်းမျဉ်းစည်းကမ်းများဖြင့် ခိုင်မာစွာကြီးကြပ်ရန် လိုအပ်မှုများ၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှုဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ ငွေရေးကြေးရေးညီလာခံသို့ တက်ရောက်ခဲ့ကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အမြင်ချင်းဖလှယ်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ငွေရေးကြေးရေးညီလာခံသို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ လူဦးရေ ၁၁၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ အီဂျစ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် နီကာရာဂွါနိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ အကြီးအကဲများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

နီကာရာဂွါနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့သည် မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်