ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ဝန်ကြီးချုပ် လီခချန်းတို့တွေ့ဆုံ

မော်စကို ၁၉  စက်တင်ဘာ

တရုတ်ဝန်ကြီးချုပ် လီခချန်းသည် တရုတ် နှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှားနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည်ဖြစ်ရာ ထိုသို့ရောက်ရှိ နေစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကရင်မလင်နန်းတော်၌ တွေ့ဆုံ ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသို့ တရုတ်ဝန်ကြီးချုပ် လာရောက်မှုသည် နှစ်နိုင်ငံ အစိုးရ အချင်းချင်း စီးပွားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွန်းအားတစ်ရပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း စက်တင်ဘာ ၁၈ ရက်က မစ္စတာလီခချန်း နှင့် တွေ့ဆုံစဉ် သမ္မတပူတင်က ပြောကြားခဲ့သည်။

တရုတ်သတင်းမီဒီယာအချို့၌ တရုတ်ဝန်ကြီးချုပ်လီသည် အမေရိကန်နှင့် ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲမှ ရိုက်ခတ်မှု အရှိန်အဟုန်လျော့ကျသွားစေရန် ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြထားသည်။

ယမန်နေ့က ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမက်ဗီဒက်နှင့် တရုတ်ဝန်ကြီးချုပ် လီခချန်းတို့ တွေ့ဆုံခဲ့စဉ် ရုရှားဝန်ကြီးချုပ်က လာမည့်ငါးနှစ်အတွင်း နှစ်နိုင်ငံ နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးကို နှစ်ဆမြှင့်တင်နိုင်ရန် ရည်မှန်းချက်ထားသင့်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် သံတမန် ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 ဆင်ဟွာ