ရှူယီဂျိုရဲတိုက် မီးလောင်မှု စုံစမ်းစစ်ဆေးမှုအတွက် ရက်အတန်ကြာ အချိန်ယူရမည်ဟု ခန့်မှန်းထား

တိုကျို ၃ နိုဝင်ဘာ

 

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ စီရင်စုရှိ ရှူယီဂျိုရဲတိုက် မီးလောင်ခဲ့မှုကို စုံစမ်းစစ်ဆေးရန်အတွက် ရက်အတန်ကြာအောင် အချိန်ယူရမည်ဟု ရဲများက ပြောသည်။

 

အောက်တိုဘာ ၃၁ ရက်တွင် အဆိုပါ ရဲတိုက်မှာ ၁၁ နာရီကြာ မီးလောင်ပြီး ပျက်စီးသွားခဲ့ရသည်။ အဆိုပါ ရဲတိုက်သည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်လည်း ဖြစ်သည်။

 

မီးလောင်မှုကြောင့် ရဲတိုက်၏ အဓိက အဆောက်အအုံ သစ်သားဖြင့် ဆောက်လုပ်ထားသော သုံးထပ် အဆောက်အအုံမှာလည်း ပျက်စီးသွားခဲ့ရသည်။ မြောက်ဘက်ပိုင်းရှိ ခန်းမမှ စတင်ကာ မီးစတင်လောင်ခြင်းဖြစ်ကြောင်း ရဲများက သံသယရှိနေကြသည်။

 

အဆောက်အအုံ ခုနစ်ခု ပျက်စီးသွား၍ အပျက်အစီး များသည့်အတွက် စုံစမ်းစစ်ဆေးမှုများ နှေးကွေးရခြင်း ဖြစ်သည်။ အဆိုပါ ရဲတိုက်ပြန်လည် တည်ဆောက်ရေးအတွက် ဒေသခံများနှင့် ခရီးသွားများက လိုလားလျက်ရှိသည်။ ရှူယီဂျို ရဲတိုက်မှာ အိုကီနာဝါ၏ အသည်းနှလုံးဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးအတွက် ၎င်းတတ်နိုင်သလောက် ကူညီပေးသွားမည်ဟု အသက် ၇၀ ဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။

 

အင်န်အိတ်ချ်ကေ