နေပြည်တော် မတ် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် အဏ္ဏဝါပတ်ဝန်းကျင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက နိုင်ငံတကာလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ Port State Measures Agreement (PSMA) နှင့် ပြည်တွင်း ပြည်ပ ငါးဖမ်း ငါးသယ် ရေယာဉ်များကို စောင့်ကြည့်ထိန်းချုပ် ထောက်လှမ်းနေမှု၊ မြန်မာ့ပင်လယ်ရေပြင်အတွင်း ငါးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်နိုင်ကြစေရန် ကြပ်မတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေရေး ငါးသယံဇာတမျိုးစိတ်များ ထိန်းသိမ်းရန်၊ တရားမဝင် ငါးဖမ်းဆီးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် တို့ကိုဆွေးနွေးမှာကြားခဲ့သည်၊၊
ယင်းနောက် မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် အရာထမ်း အမှုထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ C.K FROZEN FOODS YANGON CO,LTD ၏ ရေချိုငါးနှင့် ပုဇွန်များကို HACCP, GMP စနစ်ဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရန်ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ SHWE MYANMAR INVESTMENT AND COMMERCIAL CO., LTD ၏ ရေချို၊ ရေငန်ငါး ထုတ်လုပ်မှု၊ အေးခဲမှု၊ ပြည်ပသို့တင်ပို့ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ မတ် (၁၉) ရက်က ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ MYANMAR SEAFOODS LIMITED က ပြည်ပနိုင်ငံများသို့တင်ပို့မည့် ငါးခြောက် ၊ ငါးပုစွန် ပြုပြင်ထုပ်ပိုးအေးခဲခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံအတွင်း သန့်ရှင်းသပ်ရပ်ရေး၊ ထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုအပေါ် ယုံကြည်မှုရှိစေရန် နိုင်ငံတကာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန် မန္တလေး အမြန်လမ်း (၂၆) မိုင်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၌ ဖရီရှန်၊ ယင်လင့်စပ်မျိုး၊ အင်ဒိုဘရာဇီးစပ်မျိုးနှင့် ဘရာမင်စပ် နွားမျိုးများ မျိုးမြှင့်သားစပ်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာနိုင်သည့် ကူးစက်ရောဂါများအတွက် ကြိုတင်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ အစာကျွေးမွေးမှု အာဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများအား အကြံပြုမှာကြားကာ တိရစ္ဆာန်ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
