နေပြည်တော် မတ် ၁၇
သာစည်မြို့နယ်တွင် ငွေကျပ် ၅၆၁ သိန်းတန်ဖိုးရှိ ကက်တမင်းများနှင့် ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၄ ရက် ည ၁၀ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ အနီးတွင် တောင်ကြီးမှရန်ကုန်သို့ မောင်းနှင်လာသည့် Scania အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၃၄) ရပ်ကွက်နေ ဖြိုးမင်းဇော် (၂၅) နှစ် သယ်ဆောင်လာသည့် ကက်တမင်း ၁ ဒသမ ၈၇ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၅၆၁ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် မတ် ၁၅ ရက် ည ၇ နာရီတွင် ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာအနီးတွင် ကျိုင်းတုံမြို့နယ် မိုင်းပန် (လယ်) ကျေးရွာအုပ်စု မိုင်းခါးကျေးရွာနေ ကျဖ (၂၀) နှစ် မောင်းနှင်လာသော Honda WAVE i 110 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၈ သိန်း) ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


